Tuesday, July 29, 2014

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့တင်သွင်း

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဇူလိုင် ၂၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။



အဆိုပါဥပဒေကြမ်းအား တင်သွင်းရခြင်းမှာ စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့်ဥပဒေအား ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲရာတွင် မှန်မှန်ကန်ကန် တိတိကျကျဖြစ်စေရန်အတွက် စစ်ဘက် ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့်ဥပဒေကိုပြင်ဆင်သည့် ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေအား ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေတွင် စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များအား အမည်ရှေ့တွင်ထားရှိရမည်ဖြစ်ကြောင်း၊ အငြိမ်းစားဖြစ်ပါက အမည်၏နောက်တွင် ကွင်းစကွင်းပိတ်နှင့် ဖော်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်မှုထမ်းခြင်းမှ နုတ်ပယ်ခြင်းခံရသူ၊ စစ်မှုထမ်းခြင်းမှ ထုတ်ပစ်ခြင်းခံရသူ၊ ရှုတ်ချပြီး အမြဲတမ်းထုတ်ပစ်ခြင်းခံရသူ၊ စစ်မှုထမ်းသက်ဆုကြေးသာရရှိသူ၊ တပ်မတော်အငြိမ်းစားတစ်ဦးသည် ယင်းကိစ္စအလို့ငှာ ကာကွယ်ရေး ၀န်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော ပြစ်မှုတစ်ရပ်ရပ်ဖြင့် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိပြီး ထောင်ဒဏ် စီရင်ခြင်း ခံရသူများ အနေဖြင့် စစ်ဘက်အဆင့်အခေါ်အဝေါ်ကိုလည်းကောင်း၊ အငြိမ်းစားဟူသည့်စကားရပ်ကို လည်းကောင်း သုံးစွဲခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

ပြစ်ဒဏ်များအနေဖြင့် ဥပဒေပါပုဒ်မများကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်ငါးနှစ်ဖြစ်စေ၊ ကျပ် ၅၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်ကချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ကိုဖြစ်စေ၊ ဂုဏ်ထူးဆောင်တံဆိပ်ကိုဖြစ်စေ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကိုဖြစ်စေ၊ ချီးမြှင့်အပ်နှင်းထားခြင်းခံရသော သို့မဟုတ် လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် အသိအမှတ်ပြု ခြင်းခံရသော တပ်မတော်အငြိမ်းစားတစ်ဦးက သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ယင်းဘွဲ့တံဆိပ် အမည်ကိုသော်လည်းကောင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်အဆင့်ကို လည်းကောင်း မိမိအမည်နှင့်တွဲပြီး သုံးစွဲခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ဖော်ပြထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

စစ်ဘက်ရာထူးနှင့်အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဇူလိုင် ၃၀ ရက် နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment