Friday, August 15, 2014

တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ တစ်ဆင့်ခံ ပြန်လည်ရောင်းဝယ်မှုများရှိလာ

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများအား တစ်ဆင့်ပြန်လည်ဝယ်ယူရန် လာရောက် စုံစမ်းသူများရှိနေ ပြီး ရောင်းချသူများ လည်းရှိကြောင်း ရန်ကုန်မြို့အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရှိရသည်။
''တန်ဖိုးမျှတ တိုက်ခန်းတွေကို ဈေးကွက်ထဲမှာ လိုက်ဝယ်နေတဲ့သူ တွေ ရှိသလို ရောင်းတဲ့သူတွေလဲ ပြန် ရောင်းလာကြတာ တွေ့ရတယ်။ ဒါပေမဲ့ ရောင်းတဲ့သူ နည်းပါတယ်။ မရောင်းဘူးဆိုတာကလဲ ဈေးညှိမရ လို့သာ မရောင်းကြတာပါ။ ရောင်းချ ခွင့်မရှိဘူးဆိုပေမယ့်လဲ နားလည်မှု နဲ့ ရောင်းဝယ်နေကြတဲ့သဘောပေါ့'' ဟု ရွှေမင်္ဂလာအိမ်ခြံမြေအကျိုးဆောင် မှ ကိုအာကာကျော်က ပြောသည်။
တိုက်ခန်းဝယ်ယူသူများသည် ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန်ကျော် လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီးခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်းစသည့် စည်းကမ်းချက်များ ပါဝင် ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာ ကော်မတီမှ သိရသည်။
''အရစ်ကျ ဝယ်ယူတဲ့သူတွေ အနေနဲ့ အစောကြီးကတည်းက ဒီလို မျိုးရောင်းဝယ်မှုတွေမလုပ်ရဘူးဆိုတာမျိုးကို လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါတယ်။ အဲဒီလိုရောင်းဝယ်မှုတွေ ဟာ တရားမဝင်ပါဘူး။ အဲဒါကိုဝယ် တဲ့သူတွေအနေနဲ့လဲ သိထားရမှာ က သူတို့အနေနဲ့ ပိုင်ဆိုင်မှုမရှိတဲ့ အတွက် တစ်ခုခုသာဖြစ်ပွားမယ်ဆို ရင် ဖယ်ရှားပေးရမှာ ဖြစ်တယ်။ ဘယ် လိုအရေးယူမယ်ဆိုတာကတော့လက်ရှိမှာ ပြစ်ဒဏ် သဘောမျိုးထား ထားတာတော့ မရှိသေးဘူး'' ဟုရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အခန်းများ၌လည်း လျှောက်ထားမည့်သူနှင့် မိသားစု တွင် အဓိကပါဝင်သူများသာ အမှန် တကယ်နေထိုင် ရမည်ဖြစ်ပြီး အငှား ချထားခြင်းမပြုလုပ်ရဟုလည်းစည်း ကမ်းသတ်မှတ်ချက်တွင် ဖော်ပြထား ကြောင်း သိရသည်။
''တွေ့ရသလောက် အများစုက မဲသာပေါက်ကြတာ။ ပြီးတော့ တကယ် တမ်းအိမ်ပိုင်ဆိုင်ဖို့ဆိုရာမှာကျတော့ တစ်လကို သိန်း ၇ဝ လောက်သွင်းရ မယ်ဆိုတဲ့နေရာမှာ မတတ်နိုင်ကြတော့ ဘူး။ ဒါကြောင့် ပြန်ရောင်းကြတဲ့သူ တွေများပါတယ်။ အမှန်ဆို တန်ဖိုးမျှတ ဆိုရင်လဲ လူတွေတတ်နိုင်တဲ့ ငွေ ပမာဏလောက်တော့ ဖြစ်သင့်တာ ပေါ့ ''ဟု အိမ်ခြံမြေအကြံပေးရှေ့နေ ဦးထွန်းမင်းနေက ပြောသည်။
ထိုကဲ့သို့ ရောင်းဝယ်မှုများကြောင့် တန်ဖိုးမျှတအိမ်ရာများအားငွေကြေး တတ်နိုင်သူများမှ လက်ဝါးကြီးအုပ်မှု များဖြစ်ပွားလာနိုင်ပြီး သာမန်လူတန်း စားများ ပိုင်ဆိုင်ခွင့် နည်းပါးလာနိုင် ကြောင်း ၄င်းကဆက်ပြောသည်။
လက်ရှိအချိန်၌ မြောက်ဒဂုံမြို့ နယ်ရှိ ဗိုလ်မင်းရောင်အိမ်ရာနှင့် ဗိုလ် မှူးဗထူးအိမ်ရာများမှာလာရောက် စုံစမ်းမှုများ အများဆုံးဖြစ်နေပြီး ဈေးနှုန်းအားဖြင့် ပြင်ပပေါက်ဈေး ကျပ်သိန်း ၄ဝဝ ဝန်းကျင်အထိ ဈေး ပေးဝယ်ယူမှုများ ရှိနေသည်။
ထိုအိမ်ရာများ၏ ဈေးနှုန်းများ မှာ ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃ဝ ဝန်းကျင်ဖြစ်ပြီး ၉၂၇ စတုရန်းပေ တစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင်ဖြစ်ကာ အခန်းများကို အရစ်ကျဝယ်ယူမှု၊ ဘဏ်ချေးငွေဖြင့် ဝယ်ယူမှု နည်း လမ်းနှစ်မျိုးမှတစ်မျိုးမျိုးဖြင့် ဝယ်ယူ ခွင့်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက တည်ဆောက်လျက် ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်း လေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှဗိုလ်မင်းရောင် အိမ်ရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ဧရာဝဏ်အိမ်ရာနှင့်ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မှ မင်းရဲကျော်စွာ အိမ်ရာတို့မှာ ၂ဝ၁၅ခုနှစ်မှ ပြီးစီးမည် ဖြစ်သည်။
MMK (Myitmakha)

No comments:

Post a Comment