Friday, August 15, 2014

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒ အသက်ဝင်ခဲ့သည်မှာ ၇၅ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်းရပ်၊ ၄၈ လမ်း နေအိမ်တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည်သူ မြန်မာလူငယ်တစ်စုက ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ပါတီစတင်ထူထောင်သူများမှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက်လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)၊
သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ ရဲဘော်နတ် (စာကြည့်တိုက်မှူး)နှင့် သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။
ယခုသော် အခြေအနေများ ပြောင်းပြန်ကွာခြားခဲ့ပြီး မက်စ်ဝါဒသည် မြန်မာနိုင်ငံတွင် ရေပန်းမစားတော့ပါ။ သို့သော် တစ်ချိန်က မက်စ်ဝါဒီအဖြစ် ပြင်းထန်စွာ ယုံကြည်ခဲ့ကြသော ကွန်မြူနစ်အိုကြီးများ၏ နေ၀င်ချိန်တွင်တော့ နောင်တတရားတို့နှင့် ရောပြွမ်းနေသော အတွေးအမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန်ဆန်းစစ်နိုင်ရန် မေးမြန်းတင်ပြလိုက်ရပါသည်။မေး-ဦးအနေနဲ့ ကွန်မြူနစ်ဟောင်းတစ်ယောက်လည်း ဖြစ်တဲ့အပြင် လက်ရှိ လွှတ်တော်နိုင်ငံရေးအထိ သိမှီခဲ့သူတစ်ဦးအနေနဲ့ အလေးစားဆုံး နိုင်ငံရေးသမားတစ်ဦးကို ပြောပြပါ။

ဖြေ- တစ်ယောက်တည်း ပြောရမယ် ဆိုရင်တော့ သခင်စိုးပဲ။ နိုင်ငံရေးသီအိုရီနဲ့ သဘောတရားအရ ပြောတာနော်။ ကိုယ်တို့က သခင်စိုးကို ဘုရားတစ်ဆူလို ကိုးကွယ်ခဲ့တာ။ သူ့အမူအကျင့်ကို ပြောတာ မဟုတ်ဘူးနော်။ သခင်စိုးအပြင် နောက်တစ်ယောက် ဆိုရင်တော့ သခင်အောင်ဆန်းပဲ။ သူကတော့ ရှင်းပြစရာ လိုမယ် မထင်ပါဘူး။

မေး-ကွန်မြူနစ်ဝါဒ ဘာကြောင့် ကျဆုံးခဲ့ရတာလဲ။

ဖြေ- ကွန်မြူနစ်ဝါဒကို ပြန်ကြည့်။ ပြင်သစ်က စတာ။ စာရွက်ပေါ်က အတွေး အခေါ်ပေါ့။ ဒါပေမယ့် လက်တွေ့ကျင့်သုံးတာက ဆိုဗီယက်၊ တရုတ်၊ အနောက်ဥရောပ ။ ကဲ.စဉ်းစားကြည့်မယ် ဆိုရင် မက်စ်က လူတွေကို ကလပ်စ် ခွဲပြီးကြည့်လိုက်တယ်။ အလျားလိုက်ကြည့်တာပေါ့။ ဓနရှင်စနစ်က လူတွေကို ဒေါင်လိုက်ခွဲပြီး ကြည့်တယ်။ မက်စ်ရော အိန်ဂျယ်ရော တစ်ကယ်တမ်းမှာ စိတ်ကူးထဲမှာ နိုင်ငံတည်ဆောက်ကြည့်ခဲ့တာ။ လူတန်းစား ခွဲခြားပြီး ကြည့်မြင်တဲ့အခါမှာ ငါ မဟုတ်ရင် မင်း ဆိုတဲ့ အမြင် ထွက်လာတယ်။ လူတန်းစားညှိတယ် ဆိုတာက သဘာဝကို လွန်ဆန်နိုင်ဖို့ ကြိုးစားတာပဲ။ ချမ်းသာတဲ့သူက ချမ်းသာမယ်။ ဆင်းရဲသူက ဆင်းရဲမယ်။ ဒါကို လူတွေက အတင်း အဓမ္မ လူတန်းစားညီမျှရေး လုပ်ဖို့ ကြိုးစားတယ်။ စိတ်ကူးထဲမှာတော့ ဘုံလူ့အဖွဲ့အစည်းကြီး တည်ဆောက်တာပေါ့။ တစ်ကယ်တမ်း လက်တွေ့မှာတော့ သဘာဝနဲ့ ကင်းကွာလို့ သရုပ်မမှန်ခဲ့တာလို့ ပြောနိုင်တယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ကိုယ်တို့လည်း ဒါကို ယုံကြည်တယ်။ ဒါကို သခင်စိုးက အရင်းကျမ်းနဲ့ ခွဲခြမ်းစိတ်ဖြာပြတယ်။ အမှန်က ဘယ်ရယ်ဒီမိတ် အင်္ကျီ မဆို အားလုံးနဲ့ တော်မယ် ဆိုတာ မဖြစ်နိုင်ဘူး။ မက်စ်ဝါဒီတွေက တစ်ပုံစံတည်း ချုပ်ပြီးသား ယူပြီးဝတ်ကြတာ။ ဒီတော့ မတော်တာတွေ၊ ကျပ်နေတာတွေ၊ ချောင်နေတာတွေ ဖြစ်ကုန်တာပဲ။ အမှန်ကန် ကိုယ့်ခန္ဓာကိုယ်နဲ့ တော်မယ့် ပုံစံ ပြန်ပြင်ရမယ်။ အဓိကအချက်က အဲဒါ။ အဲဒီ မူလဗီဇ သမူဟနဲ့ လွဲလို့ ကျဆုံးခဲ့တာပဲ။

မေး-ဒါဆို ဒီနေ့ တရုတ်ပြည် အောင်မြင်နေတာ ကွန်မြူနစ်ပါဒကြောင့်လား။

ဖြေ-တရုတ်ပြည် အောင်မြင်နေတာက တရုတ်ကိုယ်တိုင်းနဲ့ တော်အောင် ပြင်ပြီး ချုပ်ပစ်လိုက်လို့ပါပဲ။ ဒီကနေ့ တရုတ်ပြည် ဒီလမ်းကြောင်းပေါ် ရောက်လာတာက တိန့်ရှောင်ပင်းကြောင့်ပဲ။ တိန့်က ဥာဏ်ကြီးရှင်။ ဒါတွေပဲ စဉ်းစားနေတာ။ ယဉ်ကျေးမှု တော်လှန်ရေးကတည်းက တိန့်က ဘေးကကြည့်ပြီ ဘာမှားနေသလဲ စဉ်းစားနေတဲ့လူ။ အဲဒီအချိန်မှာ ကိုယ်တို့က တိုက်ရဲ၊ သတ်ရဲ၊ သေရဲတဲ့ အလံနီ လုပ်နေကြတာ။ တိန့်ရဲ့ သဘောတရားက နိုင်ငံရေးမှာ လူတန်းစားညှိမယ်။ စီးပွားရေးမှာ တံခါးဖွင့်ပေးမယ် ဆိုတဲ့မူပဲ။ အဲဒါကလည်း ဒို့ဆီမှာ ၈၈ သူတို့ဆီမှာ တိန်အင်မင် ဖြစ်ပြီးတော့ ပြောင်းပစ်တာ။ မပြောင်းလို့ မရတော့ဘူး။ လူတွေက ငတ်နေပြီ။ လမ်းပေါ်ထွက်နေပြီ။ အစိုးရကို ဖြုတ်ချနေပြီ။ စီးပွားရေးကို ပြောင်းမှကို ရတော့မယ်။ အဲဒီအချိန်မှာ ဗမာပြည်က ကျဆုံးသွားပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နဲ့ ကျဆုံးသွားတာ။ ဒီတော့ တရုတ်နည်းတရုတ်ဟန် ကွန်မြူနစ်ဆိုပြီး ပြောင်းလုပ်တယ်။ အဓိကအချက်ကတော့ ၀တ်မယ့် ကိုယ်ခန္ဓာနဲ့ လိုက်ဘက်အောင် အင်္ကျီကို ပြင်လိုက်တာပဲ။ ဒါကြောင့် အောင်မြင်တာ။ ဒါပေမယ့် တရုတ်ပုံစံအတိုင်း တရုတ်အင်္ကျီ ကောင်းတယ် ဆိုပြီး ယူပြီး ဗမာပြည်မှာ ၀တ်ကြည့်။ ဘယ်ရမလဲ။ အဖြေက အဲဒါပဲ။

မေး-ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ-စိတ်ဓါတ်မာတယ်။ တော်တယ်။ ဘာသာစကားရတယ်။ နိုင်ငံတကာက လက်ခံတယ်။ ခေါင်းမာတယ်။ နိုင်ငံရေးသမား ပီသတယ်ပေါ့။ ဒါပေမယ့် နိုင်ငံရေးသမား မဆန်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူး။ သူက ဘယ်လိုမျိုးနဲ့ ကိုက်မလဲ ဆိုရင် အိန္ဒိယက ဂန္ဓီကြီးလို Moral Leader ပေါ့။ စံပြုထိုက်တဲ့ ခေါင်းဆောင်ပေါ့။ သူ့လိုလူမျိုးက ကုလသမဂ္ဂလိုနေရာမျိုးမှာ လူ့အခွင့်အရေးတွေ ကာကွယ်ပေး၊ ကလေးတွေ၊ အမျိုးသမီးတွေအတွက် တောင်းဆိုပေး ဆိုတာမျိုးနဲ့ ကိုက်တယ်။ ဒို့မြန်မာနိုင်ငံမှာ သမ္မတ လုပ်ဖို့၊ ခေါင်းဆောင်လုပ်ဖို့တော့ မတော်လှဘူး။ ဗမာပြည်မှာ ခေါင်းဆောင်လုပ်ရင် အနု အကြမ်း စွယ်စုံရဖို့လိုတယ်။ ဗမာတွေက မင်းလောင်းမျှော်သလို ကိုးကွယ်တတ်ကြတယ်။ ဒါပေမယ့် ရေရှည်မှာ ဘယ်သူက ဘာ ဆိုတာ သိတတ်ကြတယ်။ နောက်ပြီးတော့ ဒီလောက်ရှုပ်ထွေး ပွေလီတဲ့ ဗမာပြည်နိုင်ငံရေးကို ဦးဆောင်ပြီး ရှင်းမယ် ဆိုရင်တော့ သူသာ ရူးသွားရင် ရူးသွားမယ်။ ထူးပြီး ကောင်းလာဖို့ မမြင်ဘူး။ ဒို့လူတွေက ဒေါ်စုကို ပိုတွက်ထားကြတယ်။ ဒေါ်စုမှာ ၁၀ လောက်ပဲ ရှိနေတာကို ၁၀၀ လောက်ဆိုပြီး တွက်ပစ်လိုက်တယ်။ စိတ်ချမ်းသာအောင် စိတ်နဲ့ပဲ ဖန်တီး လှည့်စားပစ်ကြတာ။ ပြီးတော့ ဘာပဲ ပြောပြော သူ့သားတွေက အင်္ဂလိပ်တွေ ဖြစ်နေတယ်။ ဒါတွေက သူ တစ်ကယ်လို့ သမ္မတ ဖြစ်ရင် ပိုဆိုးလိမ့်မယ်။ သူ့သားတွေက သမ္မတ အိမ်တော်လိုနေရာမျိုးမှာ အခမ်းအနားတွေ လုပ်ကြလို့ တက်တယ် ဆိုပါစို့။ ပြည်သူတွေ စိတ်ထဲ ဘယ်လို နေမလဲ။ နောက် နိုင်ငံခြားဆက်ဆံရေးမှာလည်း တစ်ခုခု ဆိုရင် အင်္ဂလိပ်တွေ နောက်က ဘာတွေ ညွှန်ကြားနေသလဲ ဆိုတာမျိုး စိတ်ထဲမှာ ၀င်လာမှာ သေချာတယ်။ ဒေါ်စု သမ္မတဖြစ်ရင် ပိုဆိုးလိမ့်မယ်။ ဘင်္ဂလီကိစ္စ ဆိုရင် ဒေါ်စု ဘယ်လို ကိုင်မလဲ။ သူ ဘယ်လောက်ပဲ မှန်တဲ့ဘက်က လုပ်ပါတယ် ပြောပြော။ သူ့ကို လူတွေက မယုံတော့ဘူး။ အဲဒီအခါ လူထုက မုန်းတီးသွားရင် ပိုဆိုးမယ်။ ဒီတော့ ဒေါ်စုအနေနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို ကျင့်ကြံတတ်ဖို့ပဲ လိုမယ်။ ဒါဆိုရင် သူ့အတွက်ရော..နိုင်ငံအတွက်ပါ အရမ်းကောင်းသွားမယ်။

မေး-ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လို အမှတ်ပေးချင်သလဲ။

ဖြေ- ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် မဟာဗျူဟာကျကျ နိုင်ငံရေးကစားတတ်ဖို့ အများကြီး လိုတယ်။ သူ့မှာ နိုင်ငံတကာ နိုင်ငံရေးအကြံပေးတွေ၊ ပြည်တွင်းအကြံပေးတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့အထိတော့ လောက်လောက်လားလား ကစားကွက် မမြင်ရသေးဘူး။ ဒီချုပ်ရဲ့ နိုင်ငံရေးသဘောတရားက ဘာလဲ။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား မဟုတ်ဘူးလေ။ ဒါနဲ့ ရောကြိတ်လို့ မရဘူး။ ဒီသဘောတရားမှာ အခြေခံပြီး နိုင်ငံကို ဘယ်လမ်းကြောင်းအတိုင်း သွားမလဲ ဆုံးဖြတ်ရတာမျိုး။ အထင်ကြီးလောက်တဲ့၊ သမိုင်းမှာ ကျန်ရစ်လောက်မယ့် နိုင်ငံရေးလှုပ်ရှားမှု ဘာတစ်ခုမှ မရှိသေးဘူး။ ဒီလိုပြောလို့ စိတ်ဆိုးရင်လည်းဆိုးစေတော့။ (ဆက်ရန်)

PP™
ပြည်သူ့အာဏာ

No comments:

Post a Comment