Wednesday, August 13, 2014

မန္တလေးမြို့စည်ပင် နယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်ပါက လုပ်ငန်း လိုင်စင်ပိတ်သိမ်းမည်

မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ် အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် စီးပွားရေး လုပ်ငန်း အချို့ ဖွင့်လှစ်ထားသည့် လမ်းမနေရာများတွင် ယာဉ်နှစ်ထပ် ရပ်နားပါက ဆိုင်ဖွင့်လှစ်ခွင့်ကို ပိတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သြဂုတ်လ (၁၂)ရက်နေ့ မန္တလေးမြို့တော်ခန်းမတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစန်းမောင်က ပြောသည်။လူဦးရေတိုးတက်မှု၊ ယာဉ်များများ ပြားလာမှု၊ ဆိုင် အရေအတွက် များပြားလာမှုကြောင့် ယာဉ်အန္တရာယ်တွေ၊ လမ်းပိတ်ဆို့မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပါတယ်။ လမ်းပိတ်ဆို့မှုတွေဖြစ် ပေါ်ရတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ နံနက်ပိုင်း၊ ညနေပိုင်း လူစည်ကားချိန် တွေမှာ စားသောက်ဆိုင်နဲ့ အခြားသော လုပ်ငန်းတွေ၊ ဆိုင်တွေ ဖွင့်လှစ်ထားတဲ့ရှေ့မှာ ဆိုင်ကယ်တွေ မော်တော်ယာဉ်တွေ စနစ်တကျ ရပ်နားထားတာမျိုး မရှိတဲ့အပြင် ယာဉ်နှစ် ထပ်ရပ်နားထားတာတွေပါ တွေ့နေကြရတယ်။ ကျွန်တော်တို့ ပညာပေး ကာလကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။
ယာဉ်ကြောရှုပ်ထွေးမှု များပြားလာခြင်းကြောင့် မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် ခြောက်မြို့နယ် အတွင်း ယာဉ်နှစ်ထပ် ရပ်နားခြင်းကို ကန့်သတ် တားမြစ်သည့် အနေဖြင့် (၂၀၁၂)ခုနှစ် မတ်လမှ စတင်ကာ (၂၀၁၄) ခုနှစ် ဇူလိုင်လ အထိ ကြိုတင် အသိပေး ကြေငြာခြင်း၊ အသိပေး ကြေငြာခြင်း၊ ထပ်မံအသိပေး ကြေငြာခြင်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီးဖြစ် သောကြောင့် အရေးယူမှု အပိုင်းကို ယခုလမှ စတင် ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးခရိုင် စည်ပင်သာယာ နယ်နိမိတ် ခြောက်မြို့နယ် အတွင်း လုပ်ငန်းလိုင်စင်ရ ရှိပြီး ဖွင့်လှစ်ထားသော စားသောက်ဆိုင်ပေါင်း (၇၂၉) ဆိုင်၊ လက်ဖက်ရည်ဆိုင် (၈၀၁)ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင် (၅၆၆)ဆိုင်၊ မိုဘိုင်း ဖုန်းဆိုင် (၁၉၇)ဆိုင်၊ စတိုး/အ၀တ်အထည် ဆိုင် (၄၇၅)ဆိုင်၊ အားကစားကွင်း (၄၅) ကွင်း၊ စုစုပေါင်း (၂၈၁၃)ခု ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

                မန္တလေးခရိုင် ခြောက်မြို့နယ်တွင်  ဇူလိုင်လအထိ မော်တော်ယာဉ် မှတ်တမ်းများအရ မော်တော်ဆိုင်ကယ်အစီးရေ (၆၅၄၃၃၀)စီး၊ လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အခြား ယာဉ် (၇၉၃၀၆)စီး၊ သုံးဘီး၊ ထော်လာဂျီ၊ ယန္တယားနှင့် နောက်တွဲမော်တော်ယာဉ် (၂၇၆၀၆) စီးရှိကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။ဆိုင်ကယ်ကို အဓိကထား စီးနင်းမောင်းနှင်လေ့ ရှိသည့် မန္တလေးမြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်များ သည် အခြားသောမြို့ပြ ဒေသများထက် ပိုမို များပြားစွာရှိနေပြီး ဆိုင်များ ရှေ့လမ်းမပေါ်တွင် ယဉ်နှစ်ထပ်ရပ်လေ့ရှိသဖြင့် ယဉ်ကြော ရှုပ်ထွေးသည့် အချို့နေရာများတွင် နေ့စဉ်သွားလာရန် ခက်ခဲမှုများရှိ နေသည်။လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် အခြားသော စီးပွားရေးလုပ်ငန်းဆိုင်များ ရှေ့တွင် စည်းကမ်းမဲ့ ရပ်နား ထားသောယာဉ်၊ ဆိုင်ကယ်များ ရှိနေပါက စည်ပင်သာယာရေး ကော်မတီ ဥပဒေအရ လည်းကောင်း၊ မော်တော်ယာဉ် ဥပဒေအရ လည်းကောင်း၊ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ပြီး တာဝန်ရှိသော ဆိုင်ကိုလည်း လုပ်ငန်း လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တရားဝင်ထုတ်ပြန်ထားသည်။ မန္တလေးမြို့သည် နေ့စဉ် ယာဉ်အန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့် မြို့တစ်ခု ဖြစ်ပြီး၊ ယာဉ်ကြောရှုပ်ထွေးသည့် ညနေ (၆)နာရီနှင့် ည(၈)နာရီ အကြား အချိန်များတွင် ယာဉ်အန္တရာယ် အများဆုံး ဖြစ်ပွားလေ့ရှိသည်။

Messenger News Journal

No comments:

Post a Comment