Tuesday, August 12, 2014

ချင်းပြည်နယ်တွင် လက်ထောက် ဆရာဝန် ခေါ်ယူမှု လျှောက်ထားသူ နည်းပါးသောကြောင့် နှုတ်ဖြေဖြင့် တိုက်ရိုက်ခန့်အပ်မည်

ချင်းပြည်နယ်တွင် လက်ထောက် ဆရာဝန် (၃၉) ဦး ခေါ်ဆိုရာ နောက်ဆုံးနေ့ ဖြစ်သော သြဂုတ်လ (၁၀) ရက်နေ့ အထိ (၃၆)ဦး သာလာရောက် လျှောက်ထား သဖြင့် ရေးဖြေ ဖြုတ်ကာ နှုတ်ဖြေဖြင့်သာ တိုက်ရိုက် ခန့်အပ်မည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ၀န်ကြီးဌာနမှ ဒေါက်တာဘမောင်က ပြောသည်။လျှောက်ထားသူ နည်းပါးတဲ့နေရာ တွေမှာ နှုတ်ဖြေနဲ့ တိုက်ရိုက်ခေါ်ယူဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတာ ရှိတယ်။ ဒါကြောင့် ခုတော့ ရေးဖြေ မလုပ်တော့ဘူး။ နှုတ်ဖြေနဲ့ပဲ တိုက်ရိုက် ခန့်အပ်မယ်။ ရေးဖြေနဲ့ ဆိုရင် ကျတဲ့သူရှိဦးမှာ ဆိုတော့ ချင်းပြည်နယ် ဆရာဝန်ခန့် ထားရေးကို ကမောက်ကမ မဖြစ်စေချင်ဘူး ဟု ဒေါက်တာဘမောင် က The Messenger Media သို့ ပြောသည်။ ယခု လက်ရှိ ချင်းပြည်နယ်တွင် တိုက်နယ်ဆေးရုံ (၁၆) ခုရှိရာ ဆရာဝန် ရှိသော တိုက်နယ် ဆေးရုံသည် နှစ်ရုံသာ ရှိကြောင်း၊ လစာ နှစ်ဆ တိုးပေးသော်လည်း အလုပ်ထွက်သူ များပြားကြောင်း ၄င်းကပြောသည်။
ဆရာဝန် ခေါ်ယူရာတွင် ချင်းပြည်နယ်တွင် သုံးနှစ် အမှုထမ်း ပြီးနောက်မှ မိမိ လိုချင်သော နေရာတွင် အမှုထမ်း နိုင်မည်ဆို သော စည်းကမ်းချက်ကြောင့် လျှောက်ထားသူကို တွန့်ဆုတ်စေကြောင်း၊ ချင်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနရုံး မှ အကြီးတန်းစာရေး တစ်ဦး က The Messenger Media သို့ပြောသည်။ အခု အလုပ် လျှောက်ထားတဲ့သူတွေ အကုန်လုံး ဆေးစစ် အောင်တယ် ဆိုရင် အလုပ်ခန့် မှာပါ။
ဗဟုသုတလည်း နည်းနည်းပါးပါး ရှိဖို့လည်း လိုတာပေါ့ ဟု အကြီးတန်း စာရေး ဦးနေဟုန်း ကပြောသည်။ အဆိုပါ လက်ထောက် ဆရာဝန် ခေါ်ဆိုမည့် စာမေးပွဲကို သြဂုတ် (၁၅) ရက်နေ့တွင် နေပြည်တော်မှ ၀န်ထမ်း ရွေးချယ် လေ့ကျင့်ရေး ရာထူးဝန် အဖွဲ့မှ နှစ်ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တစ်ဦး ဦးစီးပြီး ဟားခါးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လက်ထောက် ဆရာဝန် ခေါ်ဆိုရန် ချင်းပြည်နယ်တွင် စာစစ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး၊ ယခင်နှစ်များက နေပြည်တော်တွင် သွားရောက် ဖြေဆိုနေရကြောင်း ဒေါက်တာဘမောင် က ပြောသည်။ တကယ် လုပ်ချင်တဲ့ သူတွေလည်း ရှိတယ်။ မလုပ်ချင်တဲ့ သူကလစာ နှစ်ဆပေးလို့ ရှိရင်လည်း မရဘူး။ ရေးဖြေ မေးခွန်းတွေက ချင်းတိုင်းရင်းသားတွေ အတွက် အံဝင်ခွင် မကျတဲ့ အရာလေးတွေ လည်း ရှိတတ်တယ် ဟု ဒေါက်တာဘမောင်က The Messenger Media သို့ပြောသည်။
ချင်းပြည်နယ်တွင် ဆရာဝန် ဖြည့်ဆည်းရန် အတွက် ဆေးတက္ကသိုလ် တက်ရောက်ခွင့် ခေါ်ဆိုရာတွင် တက္ကသိုလ် စာမေးပွဲ အမှတ်ကို (၄၃၀) မှ (၄၅၀) ထိယခုနှစ်တွင် စတင်သတ်မှတ်ထားပြီး အခြားပြည်ထက် ဖြေလျော့ထားသည်။ လက်ရှိချင်း ပြည်နယ်တွင် ပြည်သူ့ ဆေးရုံကိုးခု၊ တိုက်နယ် ဆေးရုံ (၁၆) ခု၊ စုစု ပေါင်း(၂၅)ခု ရှိကြောင်း သိရသည်။ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ လေးသိန်း ခုနစ်သောင်းကျော် ရှိရာ ယင်းတို့ အတွက် ဆရာဝန် (၇၂) ဦးသာ ရှိကြောင်း သိရသည်။ ယင်း စာရင်းအရ ချင်းပြည်နယ်တွင် လူအယောက် ခုနစ်ထောင်တွင် ဆရာဝန် တစ်ဦးနှုန်းသာ ရှိသည်။

Messenger News Journal

No comments:

Post a Comment