Tuesday, August 12, 2014

မြန်မာ ၀ီကီပီးဒီးယားတွင် ၀င်ရောက် ရေးသားပေးကြရန် မန်းစာပေ ပညာရှင်များနှင့် မန်းမီဒီယာများကို ဖိတ်ခေါ်

ဘာသာ စကားပေါင်း (၂၈၇) မျိုးဖြင့် ရေးသား တင်ပြထားသည့် အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မြန်မာ ၀ီကီပီးဒီးယားတွင် မန္တလေးမြို့ ဒေသခံ စာပေ ပညာရှင်များနှင့် သတင်း မီဒီယာသမားများအား ၀င်ရောက် ရေးသားပေးကြရန် ဖိတ်ခေါ်ကြောင်း မန္တလေးမြို့ မြို့မ အသင်းခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ၀ီကီပီးဒီးယား Admin အဖွဲ့ဝင် ကိုဇော်သက်အောင်က ပြော သည်။
မြန်မာဝီကီမှာ အရင်က ဆောင်းပါးပေါင်း သုံးသောင်းကျော်ရှိ ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ တစ်သိန်းပြည့်အောင်လုပ်ဖို့ ရည်မှန်းထား ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေမှာ ပြည့်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မန္တလေးက စာပေပညာရှင်တွေ သတင်းမီဒီယာတွေကို ကျွန်တော်တို့နဲ့ လက်တွဲရအောင်လို့ လာရောက် ဖိတ်ခေါ်တာပါ ဟု ၎င်းက ပြော သည်။ မြန်မာ ၀ီကီပီးဒီးယားတွင် မည်သူမဆို လွတ်လပ်စွာကြည့်ရှု ရေးသားနိုင်ပြီး၊ ရေးသားဖော်ပြပြီး၊ အချက်အလက် အကြောင်းအရာ များကို အထောက်အထားခိုင်လုံစွာ တင်ပြ ကာ ပြန်လည်ပြင်ဆင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာ ၀ီကီပီးဒီးယားတွင် နည်းပညာ၊ အာကာသ၊ အနုပညာ၊ သမိုင်း၊ အတ္ထုပ္ပတ်္တိ၊ ဘောလုံး စသည်ဖြင့် ကဏ္ဍစုံ ပါဝင် ပြီး၊ ဆောင်းပါးပေါင်း (၃၁၉၉၁)ပုဒ်၊ တည်းဖြတ်မှုပေါင်း (၄၇၁၂၄)ခု၊ အသုံးပြုသူပေါင်း (၂၃၁၅၃)ဦး၊ စီမံခန့်ခွဲမှု ဆောင်ရွက်သူ ခြောက်ဦး၊ တင်ပြသူ (၆၆)ဦး၊ ဓာတ်ပုံပေါင်း (၃၇၃၀) ပုံ ရှိကြောင်း သိရသည်။
မြန်မာ ၀ီကီပီးဒီးယားသည် (၂၀၀၄) ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး၊ ရေးသား လွှင့်တင်ထားသည့် ဘာသာစကား (၂၈၇) မျိုးနှင့် အင်္ဂလိပ် ဆောင်းပါးပေါင်း (၄ ဒသမ ၅ ) သန်းကျော်ရှိကာ ဆဋ္ဌမမြောက် လူဦးရေ အများဆုံး ၀င်ရောက် ကြည့်ရှုသည့် ၀က်ဝ်ဆိုဒ်တစ်ခု ဖြစ်ကြောင်း သိရသည်။
မြန်မာ ၀ီကီပီးဒီးယားကို အသုံးပြုရန် အတွက် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် တယ်လီနောမှ ကူညီပံ့ပိုးကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် တို့တွင်လည်း ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံ ၍ နည်းပညာ ဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်။

Messenger News Journal

No comments:

Post a Comment