Saturday, August 2, 2014

ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရမျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်ပြောကြား

မီဒီယာနယ်ပယ်အတွင်း ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံထားရသော ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ဆောင်ရွက်ပေးမည်ဆိုသော ကိစ္စရပ်မှာ ကန့်သတ်ချက်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး “အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်မှုအား မထိခိုက်စေသော နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှုမရှိစေရန် ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) တို့ တွေ့ဆုံမှုကို ဩဂုတ် ၁ ရက်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အချိန် ၁ နာရီနှင့် ၃ဝ မိနစ်ခန့် ကြာမြင့်စွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အချက်သုံးချက်ကို အဓိကထားဆွေးနွေးခဲ့သည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
သြဂုတ် ၁ ရက် နံနက်ပိုင်းက သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ နေပြည်တော်၌ တွေ့ဆုံကြစဉ်



“သမ္မတနဲ့ဆွေးနွေးပွဲမှာ အချက်သုံးချက် ဆွေးနွေးကြတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက မီဒီယာနဲ့ တခြားနယ်ပယ်တွေနဲ့ ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက စေ့စပ်ညှိနှိုင်းအခန်းကဏ္ဍကနေပြီးတော့ တာဝန်ယူမှုကို အစိုးရကနေ အသိအမှတ်ပြုတယ်။ နောက်တစ်ချက်က လက်ရှိဖြစ်ပေါ်နေတဲ့ တရားစွဲတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ၊ ထောင်ချတာတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်များ မနစ်နာအောင်လို့ အစိုးရကနေပြီးတော့ ဆက်လက်ပြီး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးသွားမယ်လို့ ဆွေးနွေးခဲ့ကြတယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။

တတိယအချက်အနေဖြင့် နောက်ပိုင်းတွင် ယခုဖြစ်ပေါ်နေသော ပုံစံများနှင့် အလားသဏ္ဌာန်တူ မီဒီယာနှင့် အခြားမဏ္ဍိုင်များအကြား နားလည်မှုမလွဲစေရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊  အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် မီဒီယာများပါဝင်သော လေးပွင့်ဆိုင် ဖိုရမ်တစ်ခုကို ပြုလုပ်ရန်ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီဖိုရမ်မှာ အစိုးရဘက်က အကြီးတန်းညွှန်ကြားရေးမှူး အဆင့်တွေ တက်ရောက်ပြီး ဒါတွေကိုစေ့စပ်ညှိနှိုင်း ပြီးတော့မှပဲ ပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူညီမှု ရထားတယ်” ဟု ဦးဇော်သက်ထွေးက ဆက်လက်ပြောကြားသည်။

စာနယ်ဇင်းကောင်စီ ယာယီအနေဖြင့် သမ္မတနှင့် မတွေ့ဆုံမီ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အချက်သုံးချက်ကို အဓိကထားဆွေးနွေးရန် သဘောတူညီခဲ့ပြီး ပထမအချက်မှာ သမ္မတနှင့် တွေ့ဆုံရန် လာရောက်ခြင်းကိစ္စသည် အပြန်အလှန် အသိအမှတ်ပြုမှု မြှင့်တင်လိုခြင်းဖြစ်သည်။ မီဒီယာနှင့် ပတ်သက်သည့် ကိစ္စများတွင် စာနယ်ဇင်းကောင်စီ၏ ဝင်ရောက်ဆောင်ရွက်ပေးနိုင်မှု တိုးတက်လာအောင် သမ္မတက သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှုနှင့် တွန်းအားပေးမှုပြုနိုင်ရန် ဖြစ်သည်။ ဒုတိယအချက်မှာ လတ်တလော ဖြစ်ပေါ်နေသည့် မီဒီယာဆိုင်ရာ အမှုအခင်းများ၊ ပြစ်ဒဏ်ချမှတ်မှုများ၊ မီဒီယာများအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းနေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရန် ဖြစ်သည်။ တတိယအချက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့်ပတ်သက်၍ မဏ္ဍိုင်လေးရပ် ပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရန် ဖြစ်သည်။

“သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ကောင်စီဝင်တွေအနေနဲ့ ကြိုတင်သဘောတူညီထားတဲ့ အချက်သုံးချက်ကိုပဲ အလေးထားဆွေးနွေးကြမယ်လို့ မျှော်လင့်ပါတယ်” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

သမ္မတနှင့် တွေ့ဆုံမှုအပြီး စာနယ်ဇင်းကောင်စီ(ယာယီ) က ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ရာ ထိုသတင်းထုတ်ပြန်ချက်၌ အချက်ခုနစ်ချက်ကို ဖော်ပြခဲ့သည်။

စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားချက်အရ သတင်းမီဒီယာများ၌ ဖော်ပြရေးသား ထုတ်လွှင့်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ ပြဿနာများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဌာနများ၊ လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား Mediator Role အနေဖြင့် ဦးစွာညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနများက စာနယ်ဇင်းကောင်စီနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်စေမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် သတင်းမီဒီယာသမားများ၏ သတင်းရယူခွင့်နှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးက အချိန်နှင့်တစ်ပြေးညီ ထိရောက်သော တုံ့ပြန်ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်မည်ဟု သမ္မတပြောကြားခဲ့ကြောင်း သိရသည်။ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ပြဌာန်းထားပြီးဖြစ်သော သတင်းမီဒီယာ ဥပဒေနှင့်အညီ မီဒီယာအားလုံး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိရေးနှင့် သတင်းမီဒီယာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအား တင်ပြဆွေးနွေးခဲ့ရာ သမ္မတက အလေးထား စီမံပေးမည်ဟု ပြောကြားခဲ့ကြောင်း စာနယ်ဇင်းကောင်စီ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဩဂုတ် ၁ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲသို့ အစိုးရဘက်မှာ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ပြီး စာနယ်ဇင်းကောင်စီဘက်မှ ကောင်စီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ (ခေတ်+မိုး)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ (The Voice Daily News)၊ အဖွဲ့ဝင်များဖြစ်သည့် ဦးသီဟစော(The Myanmar Times)၊ ဦးဖေမြင့် (ပြည်သူ့ခေတ်)၊ ဦးဇော်သက်ထွေး (Tomorrow)၊ ဦးရဲမင်းဦး(Sky Net)၊ ဦးခင်မောင်ဌေး(Forever) နှင့် ဒေါ်နန်းကလျာဝင်း (Popular) တို့ တက်ရောက်ခဲ့သည်။
သမ္မတ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်အချို့အား သြဂုတ် ၁ ရက်က တွေ့ရစဉ်

news-eleven

No comments:

Post a Comment