Saturday, August 2, 2014

မိုးကောင်းသစ်ဆိပ်ဝင်း အတွင်းမှ ပြောင်းရွှေ့ရမည့် ကျူးကျော်အိမ်ထောင်စု ၂၉၇ စုက ၎င်းတို့အား မြေနေရာ အစားပြန်ပေးမှသာ ပြောင်းရွှေ့နိုင်မည်ဟုဆို

အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက် မိုးကောင်းသစ်ဆိပ်ဝင်း အတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်ဟုဆိုသော အိမ်ထောင်စု ၂၉၇ စုမှ ၎င်းတို့အား ပြောင်းရွှေ့ခိုင်းပါက မြေနေရာ အစားပြန်လည်ပေးမှသာ ပြောင်းရွှေ့ပေးနိုင်မည်ဟု ဩဂုတ် ၁ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းခဲ့သည်။၎င်းရပ်ကွက်မှာ အမှတ် (၂)မြန်မာ့သစ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းမိသားစုများ စတင်နေထိုင်ရာမှ ရပ်ကွက်တစ်ခုအသွင် ဖြစ်ပေါ်လာပြီး မကြာသေးခင်က ဝန်ထမ်းလိုင်းခန်းများကို ဖျက်သိမ်းခဲ့ကာ တိုက်ခန်းနေရာ အစားပြန်ပေးခဲ့ပြီး ကျန်သည့်ဝန်ထမ်းမဟုတ်သည့် အိမ်ထောင်စုများ အပါအဝင် ပင်စင်မိသားစုများကို အဆိုပါနေရာမှ ဖယ်ရှားပေးရန် သက်ဆိုင်ရာနှင့် ဧဒင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက်တွင် ယခုလို သတင်းစာရှင်းခဲ့ခြင်းဖြစ်သည်။
၎င်းရပ်ကွက်တွင် ၁၂ နှစ်ကြာနေထိုင်နေသူ တစ်ဦးဖြစ်သည့် မတင်တင်အောင်က “ကျွန်မဒီဝင်းထဲမှာ နေလာတာ ၁၂ နှစ်ရှိသွားပါပြီ။ နှစ်ရှည်လများ နေလာတဲ့လူတွေကို ကျူးကျော်လို့သတ်မှတ်ပြီး နှင်ထုတ်တာက သဘာဝမကျပါဘူး။ ကျွန်မတို့က ကျူးကျော်မဟုတ်ပါဘူး။ ဒီဝင်းထဲမှာနေကြတဲ့ မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းတွေရဲ့ သားသမီး အစွယ်အပွားတွေပါ။ အခုက ကျွန်မတို့ကို လျော်ကြေးသုံးသိန်းကနေ ငါးသိန်းအထိပဲပေးပြီး ပြောင်းခိုင်းတယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကို နေစရာမြေ အစားပြန်ပေးမှ ပြောင်းပေးနိုင်မှာပါ။ ဒီလိုပြန်ပေးရင်တောင် ဝါတွင်းကာလဖြစ်တာရယ် ကလေးတွေ ကျောင်းတက်နေတုန်းဆိုတော့ ချက်ချင်းကြီးပြောင်းပေးလို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပွင့်လင်းရာသီရောက်မှပဲ ဖြစ်နိုင်လိမ့်မယ်” ဟု ဆိုသည်။
ယင်းရပ်ကွက်မှာ ယခင်ကလူနေထိုင်၍မရသည့် ကျူတောများ၊ ခရာတောများ။ ချုံပုတ်များရှိခဲ့ပြီး ထိုကဲ့သို့ အခြေအနေမှ  ယခုကဲ့သို့ လူနေထိုင်၍ရသည့် အခြေအနေထိ  ကိုယ်ထူကိုယ်ထ ပြုပြင်နေထိုင်ခဲ့ကြပြီး မူလက လူနေထိုင်သည့်နေရာများ မဟုတ်သဖြင့် ဝင်ရောက်နေထိုင်သူများမှ ကျူးကျော်အဖြစ် သတ်မှတ်၍မရကြောင်းနှင့် ယခင်အစိုးရ အဆက်ဆက် ရပ်ကွက်အဖြစ် သတ်မှတ်ကာ နေထိုင်ခဲ့ကြခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်နေသူများက ဆိုသည်။
၎င်းရပ်ကွက်တွင် နှစ် ၆ဝ ကျော် နေထိုင်လာသည့် ဦးဝိုင်းမြင့်က “ကျွန်တော်ဒီဝင်းထဲမှာ နေလာတာ နှစ် ၆ဝ ကျော်ပါပြီ။ ဟိုနေ့ကသွားညှိတော့ ကျွန်တော်တို့က သေချာပေါက်ပြောင်းရမှာလို့ ဧဒင်ဘက်က ပြောတယ်။ သူတို့ဘက်က ကျွန်တော်တို့ကို နှစ်သိန်း သုံးသိန်းလောက်ပဲ လျော်ကြေးပေးပြီး ပြောင်းခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငွေမလိုချင်ဘူး။ မြေနေရာအစားပဲ ပြန်လိုချင်တယ်။ နေစရာအခက်ခဲရှိတယ်” ဟုဆိုသည်။
အဆိုပါရပ်ကွက်တွင် နေထိုင်နေကြသည့် ကျူးကျော်ဟုဆိုသည့် အိမ်ထောင်စုများ မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတို့တွင် ယာယီသန်းခေါင်စာရင်းများဖြင့် မဲပေးခဲ့ကြသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။
မိုးကောင်းသစ်ဆိပ်ဝင်းနေ ကိုဌေးအောင်က “ဒီမြေနေရာကို ကျွန်တော်တို့ပိုင်တယ်လို့ မပြောပါဘူး။ နိုင်ငံတော်က စီမံကိန်းကြောင့် ဖယ်ခိုင်းတယ်ဆိုရင် နိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်တို့နေထိုင်ဖို့ကို နိုင်ငံတော်ကပဲ ဖြေရှင်းရမှာပါ။ ဘဝရပ်တည်ဖို့ ဖန်တီးပေးရပါမယ်။ ဒီအချိန်မှာ ပြောင်းခိုင်းရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့က မြေနေရာ အစားပြန်ရမှပဲ ပြောင်းနိုင်မှာပါ” ဟုဆိုသည်။
news-eleven

No comments:

Post a Comment