Thursday, August 28, 2014

အဂတိလိုက်စားမှုများ စုံစမ်းဖော်ထုတ်ရန် သမ္မတနှင့် လွှတ်တော်က ကော်မရှင်ထံ တာဝန်ပေးခြင်း မရှိသေး

အစိုးရ၀န်ထမ်းများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က မကြာမီကကျင်းပခဲ့သည့် အစိုးရအဖွဲ့ လေးလပတ် အစည်းအဝေးတွင် ၀န်ခံပြောကြားခဲ့သော်လည်း စုံစမ်းဖော်ထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တာဝန်ပေးခြင်းမရှိသေးကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ဩဂုတ်လ ၂၀ ရက်နေ့က နေပြည်တော် ရှိ သမ္မတ အိမ်တော် အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၂၀၁၃ - ၁၄ ခုနှစ် ပထမလေးလပတ် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ၀န်ထမ်းများအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ
ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူ ကိစ္စများ ပပျောက်စေရန် ၀န်ထမ်းများ၏ စိတ်ဓာတ်ကအစပြောင်းလဲရန် လိုအပ်ကြောင်း၊ ကျန်ရှိသည့် အစိုးရ သက်တမ်းကာလအတွင်း လာဘ်ပေး လာဘ်ယူမှုလျော့နည်း ပပျောက်ရန် အရှိန်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်း
ပြောကြားခဲ့သည်။
သို့သော် လက်တွေ့တွင် အဂတိလိုက်စားမှုများအား အရေးယူဖြေရှင်းရန် ၎င်းကိုယ်တိုင်အတည်ပြု ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား တစ်စုံတစ်ရာ တာဝန်ပေးခြင်း မရှိသေးပေ။
"ကော်မရှင်က စစ်ချင်တိုင်း စစ်လို့ မရဘူး။ ဥပဒေဘောင်ထဲကပဲ ဆောင်ရွက်လို့ ရတယ်။လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ် ပြောနေကြပေမယ့် ဥပဒေအရ နိုင်ငံတော် သမ္မတက ဒီကိစ္စကို စစ်ပါလို့ တာဝန်ပေးရင် စစ်လို့ရတယ်။ နောက် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်က တာဝန်ပေးရင်
စစ်ခွင့်ရှိတယ်။ တတိယအချက်က နစ်နာသူက တိုင်ကြားရင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အခုအချိန် အထိတော့ သမ္မတနဲ့ လွှတ်တော်က စစ်ဆေးဖို့ တာဝန်ပေးတာမျိုး မရှိသေးဘူး" ဟုကော်မရှင်၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးဟောင်း သင်းမောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။
သမ္မတနှင့် လွှတ်တော်က ကော်မရှင် တရားဝင် စတင်ဖွဲ့စည်းသည့် ၂၀၁၄ ဖေဖော်ဝါရီလမှ ယနေ့အထိ ကော်မရှင်ထံ တာဝန်ပေးခြင်း မရှိသော်လည်း ပြည်သူလူထုထံမှ တိုင်ကြားလွှာ
ခန့်မှန်းခြေ ၄၀၀ ကျော် လက်ခံထားကြောင်း သိရသည်။
"အံ့ဩဖို့ကောင်းတာက ၀န်ကြီးဌာနကို တိုင်တာမျိုး မပါဘူး။အဓိကက မြေယာမှုခင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လာဘ်စားလို့ တိုင်တာမျိုး၊ တရားရေး ၀န်ထမ်းတွေကို တိုင်တာ
များတယ်"ဟု ဦးသင်းမောင် ကပြောသည်။
သို့သော် ဥပေဒေအရ ကော်မရှင်သည် ယင်းတိုင်ကြားချက်များအား အမှန်တကယ် နစ်နာမှသာဖြေရှင်းပေးရန် တာဝန်ရှိသည့်အတွက် လက်ရှိအခြေအနေတွင် အမှန်တစ်ကယ် နစ်နာသူ ဟုတ်၊
မဟုတ် စစ်ဆေးဆဲ အဆင့်သာရှိကြောင်း ၎င်းကပြောသည်။
"ဥပဒေ ကန့်သတ်ချက်အရ ကော်မရှင် က လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး။ တချို့ ကိစ္စတွေမှာခိုင်မာတဲ့ သက်သေခံချက်လိုသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေလည်း လိုက်နာဖို့ လိုတယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို တိုင်တယ်ဆိုရင်တောင် လွှတ်တော်မှာ လွှတ်တော်ဥပဒေအရ အရင် စစ်၊ မှန်တယ်ဆိုမှ လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့်ကော်မရှင်ကို တာဝန်ပေးရတာမျိုး ရှိတယ်" ဟု ဦးသင်းမောင် ကပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ၎င်းသမ္မတရာထူး စတင်လက်ခံပြီးနောက် လွှတ်တော်တွင်ပြောကြားခဲ့သည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ကောင်း မွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့် အစိုးရ ဖြစ်ပေါ်စေရန် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ တိုက်ဖျက်ရန် ကတိပြုခဲ့သော်လည်း
ယနေ့အချိန်အထိ ထိရောက်သည့် အရေးယူများ ပြုလုပ်နိုင်ခြင်း မရှိသေးသည့်အပေါ် ပြည်တွင်း၊ပြည်ပမှ ဝေဖန်မှုများ ထွက်ပေါ်နေဆဲဖြစ်သည်။
သို့သော် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုအတည်ပြုခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးအတွက် အဓိက ဆောင်ရွက်မည့် ကော်မရှင် ဖွဲ့စည်းမှုအပေါ်လူထုက ကြိုဆိုခဲ့သော်လည်း ကော်မရှင် အဖွဲ့ဝင်များအား ယခင် အစိုးရ၏ အဆင့်မြင့်
အရာရှိဟောင်း အများစုဖြင့် ဖွဲ့စည်းခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် သည် အဂတိလိုက်စားမှု အား ဖြေရှင်းရန် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ"ကို ဖွဲ့စည်းခဲ့သော်လည်း ထိရောက်သည့် ဆောင်ရွက်မှုကိုမတွေ့ခဲ့ရပေ။
ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကမူ လာဘ်ပေးလာဘ်ယူမှု ကိစ္စရပ်များအပေါ် အရေးယူဖြေရှင်းမှု အခြေအနေအား အဆိုပါကော်မတီထံ လွှတ်တော် ကတစ်ဆင့် မကြာခဏ မေးမြန်းခဲ့သော်လည်း ကျေနပ်လောက်သည့်ဖြေရှင်းမှုမျိုး မရခဲ့ဟု ဆိုသည်။
မြန်မာတိုင်း(မ်)

No comments:

Post a Comment