Thursday, August 28, 2014

မန္တလေးနှင့် နေပြည်တော်တွင် စတုတ္ထမြောက် အစိမ်းရောင် စီးပွားရေးဖိုရမ် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် အစိမ်းရောင် စီးပွားရေး (GEGG - Green Economy, Green Growth) ဖိုရမ်ကို လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့ အထိ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း GEGG အဖွဲ့မှ သိရ သည်။ အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတွင် နှစ်ရက်၊ နေပြည်တော်တွင် နှစ်ရက် ကျင်းပမည်ဖြစ်ပြီး မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဂျာမနီ၊ ပြင်သစ်၊ စင်္ကာပူ၊ ဗီယက်နမ်နိုင်ငံ တို့မှ အဆင့်မြင့် အရာရှိများ လာရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အရင် အကြိမ်က ဆွေးနွေးခဲ့တာတွေကို ထပ်ပြီး ဆွေးနွေးမှာ မဟုတ်ဘူး။ အဓိက ဆွေးနွေးမယ့် အရာက အစိမ်းရောင်စွမ်းအင် ဆိုပေမယ့် အကြောင်းအရာကွဲတွေကို ဆွေးနွေးမှာပါ ဟု GEGG အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လွင်လှက ပြောသည်။အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင် မထိခိုက်စေရေး၊ အပူပိုင်းဇုန်တွင် အစိမ်းရောင် ပတ်ဝန်းကျင် ပေါ်ပေါက်လာရေး၊ အစိမ်းရောင်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ဒီကိစ္စတွေက အစက စလုပ်ရတာ ဆိုတော့ အခြေခံ အဆောက်အအုံ နည်းပါးတဲ့ အဓိက အခက်အခဲကို ကြုံရတယ်။ ပြီးတော့ နည်းပညာ အခက်အခဲ။ ဥပမာ အခု ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်လုပ်ရေးပေါ့။ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်တာကို မထုတ်နဲ့ မပြောပါဘူး။ အဆင့်မြင့် နည်းပညာသုံးဖို့တော့ လိုတယ်။ တရုတ်တို့ ထိုင်းတို့က စက်အဟောင်းတွေ ၀ယ်သုံးတာမျိုးတော့ မဟုတ်ဘူးပေါ့ ဟု ဦးကျော်လွင်လှ က ပြောသည်။
တတိယ အကြိမ်မြောက် GEGG ဖိုရမ်ကို ရန်ကုန် စိန်ရတု ခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာမှ အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးပွဲ ရလဒ်များ အရ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေသည့် နည်းပညာ အချက်အလက်များ ဝေမျှရာဌာန (Center of Excellence for Greening) ကို ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းရှိ သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနရှိ အဆောက်အအုံတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဌာနမှ သိရသည်။
The Messenger News Journal

No comments:

Post a Comment