Sunday, August 17, 2014

မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ် သတ်မှတ်ချက် ပြင်ဆင်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် မော်ဒယ်လ်နှစ် သတ်မှတ်ချက်အချို့ကို ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အဆိုပါဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ယင်းသို့ ပြင်ဆင်သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် အစားထိုး တင်သွင်းသည့် ယာဉ်များကို ယမန်နှစ် သတ်မှတ် မော်ဒယ်လ်ထက် မော်ဒယ်လ်တစ်နှစ် လျှော့ချ (၂၀၀၁ မော်ဒယ်လ်မှ ၂၀၀၉ မော်ဒယ်လ်အထိ) တင်သွင်းရမည် ဖြစ်ပြီး မော်တော်ယာဉ် အသစ်များ (Brand New) တင်သွင်းမည် ဆိုပါက ရောက်ရှိ နှစ်ထက် တစ်နှစ်တိုး၍ (၂၀၁၅ မော်ဒယ်လ်) တင်သွင်းရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းက ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အသင်းသား စုံညီအစည်းအဝေးနှင့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ယာဉ်အိုယာဉ်ဟောင်း မော်တော်ယာဉ်တွေကို မနှစ်တုန်းက သုံးနှစ်အထိ လျော့ချခဲ့တယ်။ ဒီနှစ်တော့ တစ်နှစ်ပဲ လျော့ချထားတယ်။ နောက်နှစ်တွေလည်း ဒီနှစ်အတိုင်း လုပ်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။
လက်ရှိအချိန်၌ မော်တော်ယာဉ် ဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ်များ အားလုံးကို ဘယ်မောင်းများသာ တင်သွင်းခွင့် ပြုတော့မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသည့် မော်တော်ယာဉ်လုပ်ငန်းရှင် အချို့က ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်က “ကျွန်တော်တို့ လမ်းစနစ်က လက်ယာကပ် စနစ်ပါ။ တကယ်တမ်းပြောရရင် ဘယ်မောင်းကားတွေပဲ တင်သွင်းမယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီလို တင်သွင်းရတောမယ်လို့ ကျွန်တော်တို့ဌာန အနေနဲ့ ပြောမထားဘူး” ဟု ရှင်းပြသည်။
ရောက်ရှိနှစ်နှင့် တစ်နှစ်လျော့ မော်တော်ယာဉ်များ တင်သွင်းမည် ဆိုပါက ဘယ်မောင်း မော်တော်ယာဉ်များကိုသာ တင်သွင်းရမည် ဖြစ်ပြီး အခြားခုနှစ်များတွင် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များ တင်သွင်းမည် ဆိုပါက ဘယ်မောင်း၊ ညာမောင်း စိတ်ကြိုက် တင်သွင်းခွင့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၄ ခုနှစ်အတွက် CIF ဈေးနှုန်းများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်းက ထုတ်ပြန်ပေးခဲ့ပြီး ဈေးအမြင့်ပိုင်း မော်တော်ယာဉ်များကို ဈေးနှုန်းများ လျှော့ချ သတ်မှတ်ပေးခဲ့ကြောင်း ယခုနှစ် ထုတ်ပြန်ချက်တွင်လည်း အဆိုပါ မော်တော်ယာဉ် အမျိုးအစားအချို့ ဈေးနှုန်း ထပ်မံလျှော့ချပေးမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment