Friday, August 8, 2014

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီများ ၀ိုင်းဝန်းရန်ပြု၍ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး တာဝန်ကျရဲအား ဓားဖြင့်လိုက်ခုတ်သူတစ်ဦး ကျည်ဆန်ထိမှန် သေဆုံး

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘင်္ဂါလီများ ဝိုင်းဝန်းရန်ပြု ၍ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပြီး တာဝန်ကျရဲအား ဓားးဖြင့်လိုက်ခုတ်သူတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးမှုတစ်ရပ် ဩဂုတ် ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညနေ ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့နယ် ဒါးပိုင်ဘင်္ဂါလီကျေးရွာမှ လူငယ်နှစ်ဦးက ဒါးပိုင်ဒုက္ခသည်စခန်းသို့ ဈေးဝယ်ရန်သွားရောက်စဉ် ဒါးပိုင်ဒုက္ခသည်စခန်းမှ လူများက သူခိုးဟုစွပ်စွဲကာ ကြိုးဖြင့်တုပ်နှောင်ပြီး ရိုက်နှက်နှိပ်စက်နေခြင်းခံရကြောင်း ၎င်းလူငယ်နှစ်ဦး၏ ဆွေမျိုးတစ်ဦးက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် ၃၆ ရဲလုံခြုံရေးတပ်ဖွဲ့ခွဲစစ်ကြောင်း ၂ မှ ရဲမှူးအောင်ချမ်းမင်းထံလာ ရောက်အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားခဲ့သဖြင့် ရဲမှူးအောင်ချမ်းမင်းသည် တပ်စိတ်တစ်စိတ်နှင့်အတူ အကူညီပေးရန် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ရာ ကြိုးတုပ်ခံထားရသူနှစ်ဦးအား ဓားများကိုင်ဆောင်ထားသော ဘင်္ဂါလီများက ဒုက္ခသည်စခန်းအနောက်ဘက် လယ်ကွင်းပြင်ဘက်သို့ ဆွဲခေါ်သွားသည်ကို တွေ့မြင်ရသည့်အတွက် အော်ဟစ်ဟန့်တားပြီးခေါ်သော်လည်း မလာသည့်အပြင် ဓားကိုင်ဆောင်ထားသူများက ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပြီး ပြန်လည်ရန်မူ တိုက်ခိုက်ရန် ရဲတပ်ဖွဲ့ဝင်များရှိရာသို့ လှည့်ပြန်လာခဲ့သည့်အတွက် သေနတ်ငါးချက် ခြောက်လှန့်ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။
ယင်းသို့ ပစ်ဖောက်စဉ် အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ပြုလျက် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်သည့်လူအုပ်ကြီးက ဝိုင်းအုံရန်ပြုလာသဖြင့် ရဲတပ်ဖွဲ့ က အဓိကရုဏ်းဖြိုခွင်းရေးလက်နက်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သော်လည်း လူအုပ်မှာ နောက်ဆုတ်မသွားသဖြင့် နောက်ထပ် လေးချက် ထပ်မံပစ်ခတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ခြောက်လှန့်ပစ်ခတ်ခဲ့သဖြင့် လူအုပ်ကွဲပြီး ကြိုးချည်ခံထားရသူနှစ်ဦးအပါအဝင် ဘင်္ဂါလီ ငါးဦးအား တွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့ပိုင် မော်တော်ကားရှိရာသို့ ခေါ်ဆောင်လာခဲ့ရာ အဆိုပါဘင်္ဂါလီငါးဦးအနက် တစ်ဦးက ၎င်း၏နောက်ကျောတွင် အသင့်ဝှက်ယူလာသော ဓားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြေးခုတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပြန်လည်ခုခံခဲ့ရကြောင်း သိရသည်။ ထိုသို့ ခုခံပစ်ခတ်ခဲ့ရသဖြင့် ဓားဖြင့်ပြေးခုတ်သူ ဘင်္ဂါလီ ရှောင်ရှုးအာလောင် (၃ဝ နှစ်) ၏ ဦးခေါင်းတွင် ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျန်နှစ်ဦးဖြစ်သော ဗွီလာ (၄ဝ နှစ်) (ဘ) အဒူကာဒီနှင့် မာလိပ် ဂျာ (၄၅ နှစ်) (ဘ) ဆွေယော့တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ စစ်တွေမြို့ မြို့မရဲစခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်ထားရှိကြောင်းနှင့် အမှုဖွင့်ဆိုရန်အတွက်လည်း လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“အဓိကတော့ ရွာမှာနေတဲ့ ကောင်လေးနှစ်ယောက်က ဒုက္ခသည်စန်းကိုသွားရောက်ခဲ့တာကြောင့် အဖမ်းခံရတယ်။ အဲဒီနှစ်ယောက်ကို သွားကယ်တဲ့အခါ လူအုပ်ကြီးကများလာတာကြောင့် ကားရပ်ထားတဲ့နေရာနားကို ပြန်လာခဲ့တယ်။ လူအုပ်ကြီးကို တပ်ဖွဲ့တွေက ကာထားတယ်။ ကားအနားမှာ ကြိုးတုပ်ခံနှစ်ယောက်နဲ့ ခေါ်လာတဲ့ သုံးယောက် ရှိနေတယ်။ သူတို့ကို ရဲနှစ်ယောက်က စောင့်နေတယ်။ အဲဒီမှာအနီးက ရဲကို အသင့်ပါလာ ဓားနဲ့ လိုက်ပြီးခုတ်တော့ သေနတ်နဲ့ ပစ်လိုက်ရတာ”ဟု အမည်မဖော်လိုသော ရဲ အရာရှိတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment