Tuesday, August 19, 2014

ဖက်ဒရယ်ပြည်ထောင်စုမှသည် စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရှိအစိုးရနှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်ပြီး ဘုံသဘော တူညီချက်တချို့ ရရှိထားပြီဆိုသည့် သတင်းကို ကားခဲ့ကြရသည်။ မင်္ဂလာရှိသော သတင်းအဖြစ် လူတိုင်း လက်ခံကြရပါသည်။
သို့သော် မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖြစ်မည်လဲဆိုသည်ကတော့ ဆက်လက်ဆွေးနွေးညှိနှိုင်းကြရဦးမည့်သဘော ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ ယခင်နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေး အယူအဆသာဖြစ်သည်ဟု အစိုးရအမျိုမျိုးအဆက်ဆက် မှားယွင်းစွာ ၀ါဒဖြန့်ချိလာခဲ့သည့် ခေတ်တစ်ခေတ်သည်မူ နိဂုံးချုပ်သွားလေပြီဟုတော့ ပြောလို့ရပါသည်။ တိုင်းရင်းသားလူမျိုးစုများမှာမူ မည်ကဲ့သို့သော လူမျိုးစုဆိုင်ရာ မူလအခွင့်အရေးများ ရရှိနိုင်မည်၊ မရနိုင်မည်ဆိုသည်ကမူ သည်းကွဲစွာ မသိနိုင်ကြသေး။ ဒီနေရာတွင် စားပွဲဝိုင်းဖြေရှင်းနည်း ယဉ်ကျေးမှုတစ်ခု အောင်မြင်စပြုသည်ကိုလည်း သတိပြုကြရမည်ရှိပြန်ပါသည်။ ယင်းမှာ ယခုလို ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို နှစ်ဦးနှစ်ဖက် လက်ခံသဘောတူညီမှုရရှိဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံးက အသီးသီး ကိုင်စွဲထားခဲ့ကြသည့် စကားလုံးသုံးစွဲမှုတချို့နှင့် နိုင်ငံရေးအယူအဆတချို့ကို အပြန်အလှန်သဘော ပြန်လည်ရုပ်သိမ်းပေးခဲ့ကြသည်ဆိုသည့် အချက်မှာလည်း ထူးခြားစွာ သတိပြုကြရမည့် စားပွဲဝိုင်းယဉ်ကျေးမှု တစ်ခုပင်ဖြစ်ပါသည်။ လေးစားဂုဏ်ယူကြရမည့် အချက်လည်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ယခုလို တစ်စုံတစ်ရာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလာပင် လာသော်ငြားလည်း ဝေဖန်ဆန်းစစ်မှုများကတော့ ရှိစမြဲပင်ဖြစ်သည်။ နိုင်ငံရေးလေ့လာဆန်းစစ်သူတချို့ကမူ ယင်းသဘောတူညီချက်အပေါ် သံသယဖြင့် လက်ခံကြသည် ကိုလည်း တွေ့ရသည်။ ဤသဘောတူညီချက်မှာ ခိုင်မာသည့် သဘောတူညီချက်မဟုတ် သည့်အကြောင်း ပြည်တွင်းဒီမိုကရေစီရေးကြိုးပမ်းသည့်အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ နီးစပ်ပူးပေါင်းသွားမည့်အရေးကို ဟန့်တားလိုသည့် သဘောအားဖြင့်သာ လက်ရှိအစိုးရက နည်းပရိယာယ် သဘောဆောင်သည့် ယာယီငြိမ်းချမ်းရေး သဘောသာဖြစ်ဟန်တူသည်ဟူ၍လည်း ဝေဖန်ကြသည်များ ရှိပါသည်။ သူတို့ ဥပမာပေးထောက်ပြကြသည့် ဥပမာများကလည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ စစ်အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး သဘောတူညီချက်များမှာ စစ်မှန်ခိုင်မာမှုမရှိခဲ့ဖူးသည့်အကြောင်း၊ အထူးသဖြင့် လူမျိုးစုအားလုံးနှင့်သက်ဆိုင် အကျွမ်းဝင်သည့် မူသဘောဆောင်သည့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက်များ မဖြစ်ခဲ့ဘဲ ယင်းတိုင်းရင်းသားအင်အားစုများအား သပ်လျှိုဖြိုခွဲသည့် နည်းဗျူဟာအားဖြင့်သာ ပြုလုပ်ခဲ့ကြသည့် သဘောတူညီချက်များဖြစ်ခဲ့သည်ဟုထောက်ပြကာ လက်ရှိရရှိလိုက်သည့် ဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်ကိုလည်း သံသယနှင့် လက်ခံကြသည်ကို တွေ့ကြရပါသည်။
မည်သို့ပင်ဖြစ်စေ မည်ကဲ့သို့သော သဘောတူညီချက်များကို အခြေခံသည်ဖြစ်ပါစေ နိုင်ငံရေးပြဿနာကို အကြမ်းဖက် မဖြေရှင်းဘဲ ယခုလို စားပွဲဝိုင်း ဆွေးနွေးအဖြေရှာခြင်းနည်းဖြင့် တစ်စုံတစ်ရာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် ရရှိခြင်းသည်ပင် ကောင်းမွန်သည့် အလေ့အထကောင်းမွန်သည့် အကျိုးကျေးဇူးဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါချေ။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်မှသည် ရေရှည်တည်တန့်ခိုင်မြဲသည့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရာရရှိကြောင်း နည်းလမ်းများကို မဆုတ်မနစ် ဆက်လက်ရှာဖွေ စွဲကိုင်သွားဖို့သာ အဓိကကျကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Mizzima

No comments:

Post a Comment