မြန်မာနိုင်ငံတွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး
ဆွေးနွေးပွဲသို့ တက်ရောက်လာသောအမေရိကန်ပြည်ထောင် စု နိုင်ငံခြားရေး ဝန်ကြီး
ဂျွန်ကယ်ရီသည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့်
သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ရာ တစ်ကျော့ပြန် မြန်မာ-အမေရိကန် ဆက်ဆံရေး
ဆက်လက် တိုးတက်လာမည်လော၊ သတိထား စောင့်ကြည့်ဆဲပင်လော မေးခွန်းထုတ်စရာ ရှိသည်။အကြောင်းမှာ လတ်တလော ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော
ဘာသာရေး၊ လူမျိုးရေးအရေခြုံ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ သိမ်းဆည်း
လယ်ယာမြေဆိုင်ရာ ပြဿနာများ၊ ဆန္ဒပြမှုများ၊ မီဒီယာများအပေါ် တရားစွဲဆိုမှုများ၊
ဖမ်းဆီးအရေးယူ မှုများ၊ ပြင်းထန်သော ထောင်ဒဏ်ချ အရေးယူမှုများ၊ တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့်
မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန်သွားနေသလောဟု
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက
မေးခွန်း ထုတ်လာကြသောကြောင့် ဖြစ်သည်။
စနစ်ပြောင်း၊
အုပ်ချုပ်သူမပြောင်း ပုံစံဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လုပ်ငန်းများကို ကိုယ်ပိုင် လမ်းပြမြေပုံဖြင့် အကောင် အထည် ဖော်နေသော လက်ရှိ
အာဏာသုံးရပ်သည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အာဏာသုံးရပ်
တပေါင်းတစည်းတည်း ကိုင်စွဲခဲ့သည့် ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေကို
မဖြစ်မနေ ဆက်ခံရသည်။ အချို့သော ဆိုးမွေများကြောင့် ဖြစ်ပေါ်လာသော ပြဿနာ၊
အခက်အခဲများကို အစိုးရိမ်ကြီးသော စနစ်ဟောင်းပုံစံဖြင့် ဖြေရှင်းရန်
ကြိုးစားသည့်အခါ လူ့အခွင့်အရေးစံ၊ ဒီမိုကရေစီစံများဖြင့်
အံချော်သွားသည်များ ရှိတတ်သည်။ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး မြန်မာအစိုးရအပေါ် ဖိအားပေးခြင်းထက် အပြုသဘော အကြံပြု ထောက်ပြခြင်း သဘောဖြစ်ကြောင်း ဂျွန်ကယ်ရီ၏ ထုတ်ဖော် ပြောဆိုချက်အရ စနစ်သစ်တစ်ရပ်ကို အုပ်ချုပ်သူ အဟောင်းဖြင့် စီမံခန့်ခွဲမှု ပြုသောအခါ မဖြစ်မနေ ကြုံရသည့် အဆိုးအကောင်း အကျိုးသက်ရောက်မှုများကို အမေရိကန်ပြည်ထောင်စုက နားလည် သဘောပေါက်သည့် သဘော ပေါ်လွင်သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင် ခရီးစဉ်အပြီး အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားကာ အတိတ်က နှစ်နိုင်ငံ အစိုးရများအကြား ရန်ဘက်သဖွယ် ဖြစ်နေခဲ့သည့် ဆက်ဆံရေး ပြည်ဖုံးကားချ သွားခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သို့ ဦးသိန်းစိန် သွားရောက်ခဲ့ပြီး အနှစ် ၅၀ အတွင်း ပထမဦးဆုံး မြန်မာသမ္မတတစ်ဦး၏ တရားဝင် အလည်အပတ်အဖြစ် မှတ်တမ်းတင်ကာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအဖြစ် မြှင့်တင်နိုင်ခဲ့သည်။
ယနေ့ အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အရှေ့တောင်အာရှ အားကစားပွဲ၊ အာဆီယံထိပ်သီး ဆွေးနွေးပွဲများ လက်ခံကျင်းပရမည့် ကာလမတိုင်ခင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော အနုတ်လက္ခဏာ အခြေအနေများက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလနောက်ပိုင်း တည်ဆောက်လာခဲ့သည့် ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပေါင်းလက္ခဏာများကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိခဲ့ရုံသာမက အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်။
သို့သော် အဆိုပါ သက်ရောက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာသမ္မတတို့ သီးသန့် တွေ့ဆုံဆွေးနွေးခြင်း၊ အမေရိကန်၏ အပြုသဘောဆောင်သော အကြံပြု တိုက်တွန်းချက်များကို သတင်းထုတ်ပေးခြင်းနှင့် နောင်တွင် ကြုံလာမည့် အရေးကိစ္စများအပေါ် ဒီမိုကရေစီ စံနှုန်းများဖြင့် ချဉ်းကပ်ဖြေရှင်းခြင်းတို့က ကောင်းစွာချေဖျက်ကာ မြန်မာ-အမေရိကန် ဆက်ဆံရေးကိုလည်း နောက်တစ်ဆင့် မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထို့အတူ မြန်မာအစိုးရ အနေနှင့်လည်း စနစ်သစ် ကူးပြောင်းမှုနှင့် အံဝင်ခွင်ကျ မဖြစ်သူ တစ်နည်းအားဖြင့် အသွင်ကူးပြောင်းမှုကို အဟန့်အတားပြုကာ အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသူများကို စည်းရုံးဆွဲဆောင်ခြင်း သို့မဟုတ် လက်တွဲဖြုတ်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူများနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရရှိနိုင်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၁၁-၈-၂၀၁၄)
the voice
No comments:
Post a Comment