Thursday, August 28, 2014

စင်ကာပူနိုင်ငံရှိ မြန်မာအိမ်အကူ များတွင် (၄၄) ရာခိုင်နှုန်းသာ ကောင်းမွန်သော အစားအသောက် ရရှိဟုဆို

                     စင်ကာပူ နိုင်ငံရှိ မြန်မာ အိမ်အကူများတွင် (၄၄) ရာခိုင်နှုန်းသာ ကောင်းမွန်သော အစားအသောက် ရရှိပြီး (၄၀) ရာခိုင်နှုန်းသည် တစ်နေ့ လျှင် အစားအစာ နှစ်ကြိမ်စားသောက် ရကြောင်း အိမ်ဖော် အလုပ်သမားများအရေး ဆောင်ရွက်နေသည့် စင်ကာပူ အခြေစိုက် HOME စင်တာက ၂၀၁၃ နိုင်ဝင်ဘာလ မှ ၂၀၁၄ မေလအထိ အိမ်အကူ (၆၇၀) ကို ကောက်ယူခဲ့သည့် စစ်တမ်းအရ သိရသည်။

                    ကောင်းမွန်တဲ့ အစားအစာထဲမှာတော့  ပုပ်သိုးတဲ့ ဟင်းလျာတွေ၊  အကြွင်းအကျန် အစားအစာတွေ အဲဒါတွေ မဟုတ်တဲ့ ဟာပေါ့။ ကျန်တဲ့ ရာခိုင်နှုန်း ကတော့ ပုပ်သိုး အစားအစာတွေ စားနေရလား ဆိုတဲ့ မေးခွန်းမျိုး မေးလာနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်နဲ့ အိမ်အကူတွေ ကတော့ အနည်းနဲ့ အများ  အဆင်မပြေတာတွေ ရှိပါတယ် ဟု HOME စင်တာမှ ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဝင်းက The Messenger Media  သို့ပြောသည်။
              အိမ်အကူ (၅၃) ရာခိုင်နှုန်းသည် တစ်နေ့လျှင် ပုံမှန်သုံးကြိမ် အစားစားရပြီး (၈၇) ရာခိုင်နှုန်းသည် အစားအသောက် လုံလောက်စွာရရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ စင်ကာပူနိုင်ငံမှ မြန်မာအိမ်အကူများသည် တစ်နေ့လျှင် (၁၃) နာရီ အလုပ်လုပ်ရပြီး (၈) နာရီ အိပ်ချိန်ရကြောင်း သိရ သည်။ ထိုပြင် (၄၅) ရာခိုင်နှုန်းခန့် သည် အပတ်စဉ် နားရက်ရခြင်း၊ (၂၉) ရာခိုင်နှုန်းသည် နှစ်ပတ်လျှင် တစ်ကြိမ် နားရက်ရခြင်း၊ (၁၅) ရာခိုင်နှုန်းသည် တစ်လ တစ်ကြိမ်နားရက် ရခြင်းနှင့် (၆) ရာခိုင်နှုန်းသည် တစ်လလျှင် နားရက် သုံးရက် ရရှိကြောင်း သိရသည်။

                 အစားအသောက် ကောင်းမွန်စွာ မစားရတာတို့မှာ ဓလေ့ အစားအသောက်ကြောင့်မို့ လို့လည်း မစားရတာလည်း ရှိပါတယ်။ ဘယ်အိမ်ရှင် မှတော့ တစ်ဖက်နိုင်ငံ ကလာတဲ့ အိမ်အကူတွေရဲ့ စားသောက်ပုံ ကိုတော့ သီးသန့် ဂရုစိုက်မှာ မဟုတ်ပါဘူး ဟု မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

                စင်ကာပူနိုင်ငံရှိ အိမ်အကူ အလုပ်သမားများတွင် မြန်မာအိမ်အကူ အလုပ်သမားများသည် လစာငွေ အနည်းဆုံး ဖြစ်ပြီး တစ်လလျှင် ကျပ်သုံး သိန်း ခွဲကျော် ရရှိကြောင်း သိရသည်။ ထိုသို့ လာရောက် လုပ်ကိုင်သည့် အိမ်အကူများတွင် (၈၄) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံရှိ မိသားစုကို ထောက်ပံ့ရန်၊ (၃၇) ရာခိုင်နှုန်းသည် အနာဂတ် အတွက် ငွေစုရန်၊ (၂၅) ရာခိုင်နှုန်းသည် နိုင်ငံခြား အတွေ့အကြုံယူရန် လာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
 ထိုသို့ အခွင့်အရေး အပြည့်အ၀ မရရှိခြင်းကြောင့် အလုပ်စာချုပ်တွင် အနိမ့်ဆုံး လစာ စင်ကာပူ ဒေါ်လာ (၅၀၀) ရရှိရန်၊ တစ်ပတ်လျှင် တနင်္ဂ နွေ နားရက်ပေးရန်၊ နားရက်တွင် အလုပ် လုံးဝမခိုင်းရန်၊ အလုပ်စာချုပ် ဖျက်သိမ်းမည် ဆိုပါက တစ်လကြိုတင် ပြောရန်၊ အိမ်အကူအားအလုပ်ပါမစ်ကတ် ကို ကိုင်ခွင့်ပေးရန်၊ တစ်နေ့သုံးနပ် ထမင်းကျွေးရန်၊ ဖုန်း အသုံးပြုခွင့် ပေးရန်၊ ဘုရားရှိခိုး ခွင့်ပြုရန်၊ လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်း မပြုရန် အစရှိသည့် အချက် များကို စင်ကာပူနိုင်ငံနှင့် MOU  လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ စင်ကာပူ နိုင်ငံနှင့် MOU အမြန်ဆုံး ရေးထိုးရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

                ပြည်ပရောက် မြန်မာအိမ်အကူ အလုပ်သမားများသည် တရားမ၀င် သွားလာခြင်း များကြောင့် လူကုန်ကူးခံရမှုများ၊ အိမ်ရှင်များ၏ နှိပ်စက် ညှင်းပန်းခံရမှုများလည်း ရှိခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနမှ စင်ကာပူနိုင်ငံသို့ တရားဝင် စေလွှတ်ထားသည့် အရေအတွက်မှာ (၁၀၀) ခန့်သာရှိပြီး အမှန်တကယ် ရောက်ရှိမှုသည် မြန်မာအိမ်အကူ အလုပ်သမားဦးရေ သုံးသောင်းခန့်ရှိကြောင်း သိရသည်။
messengernewsjournal

No comments:

Post a Comment