ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့ လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံး အစိမ်းအနက် ပြ ထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံး ကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။
ပူဇော်ထား
မွန်းလွဲ ၁ နာရီတွင် ဧည့်ပရိ သတ်ပို၍စည်ကားလာပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာတော်များ ပရိတ် ရွတ်ဖတ် ပူဇော်သော ဗညားလတ် သုံးထပ်သင်္ဘောပေါ်တွင် သာသနာပွဲများကို အစီအရီပူဇော်ထားပြီး အကြံအစည်အောင်မြင်မှုနှင့် သာသနာတော်ကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ကြံပင်နှင့် ငှက်ပျောပင်တို့ မညှိုးနွမ်းစေရန်စိုက်ထူပူဇော်ထားကြောင်း၊ သင်္ဘောပေါ်ရှိ သက်သတ်လွတ် စားသုံးနေသော လူဦးရေ ၈ဝ အတွက် အစားအသောက်များလှူဒါန်းပြီး ပြန်လာသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ရှာဖွေလျက်
ညနေ ၃ နာရီ ၃ မိနစ်တွင် သုံးထပ်သင်္ဘောမှ မီးစိမ်းတိုင်အနီးရှိ ရေပေါ်အမှတ်အသား ပြုလုပ် ထားသည့် ဘောလုံးအစိမ်း အမည်းနေရာ တွင် ရေငုပ်သမားများ စတင်ငုပ်ကြရာ မြစ်ကမ်းပေါ်မှ ကြည့်ရှုနေသူများ၊ စက်လှေဖြင့် တစ်ဖုံ၊ မှန်ပြောင်းဖြင့် တစ်သွယ် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်။ ထိုအချိန်တွင် မြစ်ဆုံနေရာသည် မိုးဖွဲဖွဲတစ်ကြိမ်သာ ရွာသွန်းခဲ့သည်။ ဆလုံ ရေငုပ်အဖွဲ့က လည်ပင်းတွင် ကြိုးချည်ထားသော သံတုံးကိုစွပ်၍ အသက်ရှူပိုက်နှင့် အချက်ပြကြိုး တစ်ချောင်းကိုကိုင်ကာ အလှည့်ကျဆင်း၍ ရှာဖွေလျက်ရှိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် တွန်းသင်္ဘော NAWATU ရောက်ရှိလာကာ တွန်းသင်္ဘောဦးပိုင်းတွင် ပါလာသောဆရာတော်ကြီးက ပရိတ်ရေများကို ငွေဖလား အတွင်းမှ မြစ်အတွင်းသို့ ပက်ဖျန်းကာ ဗညားလတ်သင်္ဘော ကြီးပေါ်သို့ ပြန်လည်ကြွရောက်၍ သင်္ဘောဦးခန်း လက်တန်းမှ မေတ္တာဘာဝနာ ပွားများလျက်ရှိသည်။
ဗညားလတ် သင်္ဘောပေါ်မှ လက်ကိုင်စပီကာဖြင့် ရေငုပ်ရှာဖွေနေသော လုပ်ငန်းခွင်အတွင်းသို့မဝင်ရောက်ရန်နှင့် ကိုက် ၅ဝ မှ ကြည့်ရှုလေ့ လာကြရန် မေတ္တာရပ်ခံ အသိပေးလျက်ရှိသည်။ မီးစိမ်းတိုင်၏ ကိုက် ၃ဝဝ အကွာတွင် ထပ်မံငုပ် ကြပြီး ညနေ ၃ နာရီခွဲတွင် မီးစိမ်းတိုင်မှ ကိုက် ၅ဝဝ ခန့်ရှိသောနေရာတွင် ကျောက်ဆူးချ၍ ဆက်ငုပ်ကြသည်။ ပင်လယ်ဝမှ ရေတက်လာပြီဖြစ်၍ ပဲခူးမြစ်ရေအကျနှင့် မြစ်ဆုံတွင် ဆုံနေရာ လှိုင်းထလေတိုက်လျက်ရှိနေသည်။ လှိုင်းထန်လာသည့်အတွက် မြစ်ပြင်တွင် ကြည့်ရှုလေ့လာသော စက်လှေများကမ်းသို့ပြန်လှည့်သွား၍ ရှင်းလင်းလျက်ရှိပြီး ရေငုပ်သမားနှစ်ဦး ရေအောက်သို့ ထပ်မံဆင်းသွားသည်။
ညနေ ၄ နာရီအထိ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေသော ရေငုပ်အဖွဲ့သည် မြစ်ဆုံတွင် ဆက်လက်ရှာဖွေလျက်ရှိသည်။
အဆိုပါ နေရာတွင် ခေါင်းလောင်းကြီးရှိလျှင် မြစ်ကမ်းပေါ်မှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တို့၏ ပို့သသောမေတ္တာနှင့် ရေလယ်မှဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိတ်တရားတော်တို့ ပေါင်းစည်းမိကာ ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး ရရှိမည် ဟု ပြည် သူ အချို့က ပြောဆိုသုံးသပ်လျက်ရှိသည်။
Myanmaalinn
No comments:
Post a Comment