Sunday, August 3, 2014

Master Sport ဖိနပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်ပြန်လည် ရရှိမည်

လုပ်သားများကို အသိမပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်ခဲ့သည့် ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ် (၃) အတွင်းရှိ Master Sport ဖိနပ်စက်ရုံမှ လုပ်သား ၂၀၀ ကျော်ကို လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံ ၁၃ ရုံက အလုပ်ခန့်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။
အလုပ်ခန့်ထားမည့် စက်ရုံများမှာ မြန်မာစန္ဒီ Shoe ဖိနပ်စက်ရုံ၊ Lucky Shoe ဖိနပ်စက်ရုံ၊ Global Footwear ဖိနပ်စက်ရုံ အပါအဝင် စက်ရုံ ၁၃ ရုံဖြစ်ပြီး လုပ်သား ၂၁၃ ဦးခန့်ကို အလုပ်ခန့်ထားနိုင်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေရေးရာ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန် အတွင်းရှိ ဖိနပ်စက်ရုံ ၁၆ ရုံမှ တာဝန်ရှိသူများကို Master Sport ဖိနပ်စက်ရုံ လုပ်သားများ အလုပ်အကိုင်ရရှိရေး အစည်းအဝေးသို့ ဖိတ်ခေါ်ကာ အလုပ်ခန့်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ထပ်မံပြောဆိုသည်။

အဆိုပါ စက်ရုံများ၌ အလုပ်ခန့်ထားရာတွင် သွားရောက် လျှောက်ထားသည့် လုပ်သားများမှာ ယခင်စက်ရုံတွင် လုပ်ကိုင်ခဲ့သည့် ဌာနနှင့် ထပ်တူကျရန် လိုပြီး လုပ်သားများအနေနှင့် ဇွန်လအတွက် လစာငွေကိုသာ လိုချင်ကြောင်း Master Sport ဖိနပ်စက်ရုံမှ လုပ်သားကိုယ်စား လှယ် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

Master Sport ဖိနပ်စက်ရုံတွင် အလုပ်လက်မဲ့ လုပ်သား ၆၀၀ ခန့်ရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လုပ်သားများကို အသိမပေးဘဲ စက်ရုံပိတ်ခဲ့ခြင်း ဖြစ်ကာ လုပ်သားများ လစာ အပြည့်အဝ ရရှိရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်ကိုရီးယား သံရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့သည်။

The Voice Weekly

No comments:

Post a Comment