Tuesday, September 2, 2014

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ကြောင်း လ.၀.က ၀န်ကြီးပြော

                   ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍  စစ်ဆေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတကာမှ ဖိအားများကြောင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က The Messenger Media သို့ ပြောသည်။ ကျွန်တော်တို့ ဘယ်နိုင်ငံ ဖိအားမှ မပါဘူး။ နိုင်ငံခြားက ဖိအားပေးလည်း ကျွန်တော်တို့လုပ်မှာ မဟုတ်ဘူး၊ ဒါကျွန်တော်တို့ လုပ်ရမယ့် တာဝန်၊ ရခိုင်ဒေသ မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ဥပဒေနဲ့ တိုင်းတာတဲ့ လုပ်ငန်း ကျွန်တော်တို့ လုပ်ရမယ်။  ဘင်္ဂါလီမှ မဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံခြားသားတွေ ရှိတာပေါ့။  သွေးနှောတွေ ကိုလည်း (၈၂) ဥပဒေနဲ့ အမြဲတမ်း တိုင်းတာရတယ်။ဘင်္ဂါလီတွေက အတိုင်းအတာ မခံလို့ ကြာနေရတာဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောသည်။ ယခုလုပ်ဆောင်နေသော ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့်သည် ဥပဒေနှင့် လုပ်သင့်သော  လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ပြည်တွင်း၏ တောင်းဆိုချက် ကိုသာ အလေးထား ဆောင်ရွက်ခြင်းဖြစ်ကာ မည်သည့် နိုင်ငံကမှ ဖိအားပေး၍ မဟုတ်ကြောင်း ဦးခင်ရီက ဆိုသည်။
                     ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မြေပုံမြို့တွင် စတင် ဆောင်ရွက်လျက်ရှိရာ လျှောက်ထားသူ (၁၀၉၇)ဦး အနက် (၅၀၀) ကျော်အား မြို့နယ် အဆင့် စိစစ်ပြီးစီးပြီး ဖြစ်ကြောင်း လ.၀.က မှ သိရသည်။ ပြည်နယ်အဆင့် ဆောင်ရွက်ပြီးရင်၊ ဗဟိုအဆင့် ဆောင်ရွက် မယ်။ ရသင့်ရထိုက်တဲ့ ကတ်ပြား တမျိုးမျိုးကို ပြန်ပြီး ထုတ်ပေးဖို့ ခွင့်ပြုမိန့်နဲ့ ချမှတ်ပေးသွားမှာပါ ဟု ရခိုင်ပြည်နယ်သို့ သွားရောက်ကာ နိုင်ငံသားဖြစ်ခွင့် စိစစ်နေသူ လ.၀.က မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက The Messenger Media သို့ပြောသည်။

                     ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ ယခင်ကပင် အငြင်းပွားမှု တချို့ရှိခဲ့ပြီး အင်္ဂါလီ လူမျိုးများ ဘက်ကလည်း မိမိတို့သည် ရိုဟင်ဂျာလူမျိုး ဖြစ်သည်ဟု ပြောကြားထားကာ သန်းခေါင်စာရင်း အကောက်မခံမှု များလည်း ရှိခဲ့ကြောင်း လ.၀.က မှသိရသည်။ ရိုဟင်ဂျာ ဟုပြော၍ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုပါက လုံးဝနိုင်ငံသား ဖြစ်ခွင့်ရမည် မဟုတ်ကြောင်း ၀န်ကြီးဦးခင်ရီ က The Messenger Media သို့ ပြောသည်။

                    နိုင်ငံတကာက ဖိအားပေးတာ အကုန်လုံးကို နိုင်ငံသာ ဖြစ်ခွင့်ပေးဖို့ ပြောတာလည်း ရှိပါတယ်။ နိုင်ငံတကာ ဖိအားလည်းရှိမှာပေါ့၊ ဘင်္ဂါလီ တွေနိုင်ငံမဲ့ ဖြစ်နေလို့ အကုန် လက်ခံဖို့ ပြောမှာပေါ့။ တိုင်းရင်းသားတွေရဲ့ ရပ်တည်တာက အဲဒီလို မဟုတ်ဘူး။ ဥပဒေ အတိုင်းပဲ လုပ်ပါလို့ ပြောတာပါ။ နိုင်ငံတကာ ဖိအားပေးလို့လည်း နိုင်ငံသားဖြစ်ခွင့် မရှိတဲ့လူကို ပေးလိုက်လို့ မရဘူး။ နိုင်ငံတကာ ဖိအားထက်စာရင်  ပြည်တွင်း ဖိအားက အစိုးရ အဖွဲ့ကို အပြောင်းအလဲ မြန်စေတယ် ဟု ရခိုင် အမျိုးသားပါတီ ခေါင်းဆောင် (၂) ဒေါက်တာ အေးမောင်က The Messenger Media သို့ ပြောသည်။

                 နိုင်ငံတကာ အဖွဲ့အစည်း တချို့နှင့် နိုင်ငံ တချို့သည် ၁၉၈၂ ဥပဒေကို ဖျက်သိမ်းရန်နှင့် ဘင်္ဂါလီများအား နိုင်ငံသား ဖြစ်ခွင့်ပေးရန် တောင်းဆိုမှု များရှိနေသည်။ အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် အဖြစ် ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးရန်စီစဉ်လျက်ရှိရာ မြို့နယ်အဆင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် အဆင့်ဆင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း (လ.၀.က)မှ သိရသည်။
Photo: ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ကြောင်း လ.၀.က ၀န်ကြီးပြော
Tuesday, Setember 2, 2014

messengernewsjournal
messengernewsjournal

No comments:

Post a Comment