Sunday, September 14, 2014

ပြည့်တန်ဆာလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းဖြင့် ပပျောက်နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း ရဲမှူးကြီးတစ်ဦးပြော

ပြည့်တန်ဆာ လုပ်ကိုင်သူများကို တည်ဆဲဥပဒေများအရ ဖမ်းဆီးအရေး ယူခြင်းဖြင့် ယင်းလုပ်ငန်း လုံးဝပပျောက်နိုင်မည်မဟုတ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးမှ ရဲမှူးကြီးတစ်ဦး က ဖလားဝါးနယူးစ် ဂျာနယ် သို့ ပြောသည်။
''ပြည့်တန်ဆာလုပ်ကိုင်တဲ့သူတွေ ကို ပြည်သူလူထုကသတင်းပေးလို့ ဖမ်းဆီး မှုတွေပြုလုပ်ခဲ့တဲ့နှစ်တွေ မနည်းတော့ဘူး။ ပြီးတော့ ပြည့်တန်ဆာကျုးလွန်တဲ့ သူတွေကို ဥပဒေအရ အရေးယူတယ်။ တချို့ကို ခံဝန် ထိုးပြီး ပြန်လွှတ်လိုက်တာတွေရှိပါတယ်။ နောက်တစ်ခါ ထပ်မိတော့လဲ သူတို့တွေ ပြန်ပါလာတယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ဖို့လုပ်ကိုင်နေတဲ့သူတွေကို လိုက် ဖမ်းနေရုံနဲ့ထူးလာမှာမဟုတ်ဘူး။ ရှိပြီးသား ပြည့်တန်ဆာပပျောက်ရေးဥပဒေမဟုတ်ဘဲ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ရှိသင့်နေ ပြီ'' ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ ပပျောက်ရေးအက်ဥပဒေကို ၁၉၄၉ ခုနှစ် ဧပြီ ၂၁ရက်တွင် ပြဋ္ဌာန်း ခဲ့ပြီးဖြစ်သည်။ ထို ဥပဒေအရ ပြည့်တန်ဆာလုပ်ကိုင်သူ မည် သူမဆို ဥပဒေပုဒ်မ ၅(၁)အရ အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ ကျခံစေရမည် ဟု ဖော်ပြထားသည်။
ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါး ဈေးအနီးတွင် ပြည့်တန်ဆာလုပ်ကိုင်နေသူ တစ်ဦးက ''ကျွန်မတို့ ဒီလုပ်ငန်းလုပ်ပေမယ့် ငွေက အပြည့်အဝမရဘူး။ ခေါင်းကြေးပေး ရတယ်။ ပြီးတော့ သက်ဆိုင်ရာနယ်ထိန်းတွေ ပေးရတယ်။ လုပ်အားခရဲ့ ၃၅ ရာခိုင်နှုန်း လောက်ပဲ ကျွန်မတို့ရတာ။ ကျွန်မတို့လဲ ဒီ အလုပ်ကို ဘယ်လုပ်ချင်မှာလဲ။ အရင်က လွှတ်တော်မှာကြားလိုက်မိတယ်။ ဒီလုပ်ငန်း တွေ တရားဝင်လုပ်ကိုင်ခွင့်ရဖို့လေ။ နောက် တော့ ဘာမှမကြားရတော့ဘူး။ ဒီအလုပ်က နိုင်ငံတိုင်းနီးနီးမှာဆိုရင် တရားဝင်ခွင့်ပြုပေး ထားတယ်။ အဲဒီလိုလုပ်နိုင်မှလဲ AIDS ရောဂါကို လျှော့ချနိုင်မှာ''ဟု ယင်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းသည် ပြည့်တန်ဆာ တရားဝင်လုပ် ကိုင်ခွင့်နှင့်ပတ်သက်သောအဆိုကို လွှတ် တော်တွင် တင်ပြခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်မှုကြောင့် ၄င်း၏အဆို ရှုံးနိမ့်ခဲ့သည်။
ရဲမှူးကြီးက ''ပြည်သူတွေကို ကိုယ် စားပြုတဲ့ ကိုယ်စားလှယ်တွေက အောက် ခြေက ပြည်သူတွေဘဝကို သိသင့်တယ်။ ပြည့်တန်ဆာလုပ်တဲ့သူကလဲ ပြည်သူပဲ။ သူ တို့ကို ကာကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ် တော့ ရှိသင့်တယ်'' ဟုပြောသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် နယ်စပ်မြို့နယ်အသီးသီးတွင် ပြည့်တန် ဆာလုပ်ငန်းများ ပေါ်ပေါ် တင်တင်လုပ်ကိုင် မှုများကို မီဒီယာများ ကဖော်ပြလျက်ရှိသည်။

Yangon Media Group

No comments:

Post a Comment