Thursday, September 4, 2014

ရတနာပုံတယ်လီပို့မှ အလုပ်ခေါ်ယူ


ရတနာပုံတယ်လီပို့၏ အမည်ကို ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည့် နောက်ပိုင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းနှင့် အလုပ်ခေါ်ယူမှုများ ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် သြဂုတ်လအတွင်း လိုအပ်လျက်ရှိသော အလုပ်ရာထူးနေရာ ၁၁ နေရာအတွက် ခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အလုပ်ခေါ်ဆိုမှု ကို မြန်မာနိုင်ငံအတွင်း ခေါ်ဆိုခဲ့ရုံသာမက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် Job Fair တစ်ခု၌လည်း သွားရောက်ခေါ်ဆိုခဲ့သည်ဟု သိရသည်။
“အော်ပရေတာအတွက် ခေါ်တာလို့လည်း မပြောချင်ဘူး။ အော်ပရေတာအတွက် ခေါ်တာမဟုတ်ဘူးလို့လည်း မပြောချင်ဘူး။ နောက်ပိုင်းကျရင်တော့ ပွင့်ပွင့်လင်းလင်း သိလာရမှာပါ။ နောက်ပိုင်းကျရင် သတင်းစာ ရှင်းလင်းပွဲတွေလည်း လုပ်လာပါလိမ့်မယ်”ဟု အလုပ်ခေါ်ဆိုမှုနှင့် ပတ်သက်၍ ရတနာပုံတယ်လီပို့ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် HR ဌာနမှ ကိုမင်းဦးက ပြောသည်။

ထို့အပြင် ရတနာပုံတယ်လီပို့သည် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည့်နောက်ပိုင်း ပထမဦးဆုံးသော နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး အများပြည်သူသို့ အစုရှယ်ယာများ ရောင်းချ ရန် ပြင်ဆင်နေကြောင်း၊ အစုရှယ်ယာ ရောင်းချမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ကြေညာပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရတနာပုံတယ်လီပို့၏ အဆိုအရ ၎င်းတို့သည် အများပြည်သူ ပိုင်ဆိုင်ခွင့် ရရှိမည့် တစ်ခုတည်းသော Telecom Operator အများပိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်ဟု သိရသည်။

ရတနာပုံတယ်လီပို့သည် Operator လုပ်ငန်း လုပ်ကိုင်ရန်အတွက် ပြည်ပကုမ္ပဏီတစ်ခုကို ရွေးချယ်နေသည်ဟု ယခင်ကပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ ရတနာပုံတယ်လီပို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ယခင် ပူးပေါင်းလုပ်ကိုင်ခဲ့သည်များအနက် အချို့သောလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်း မပြုတော့ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံ လွှဲပြောင်းပေးအပ်ခဲ့ရသည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးနှင့် အတူ ပူးပေါင်းတည်ဆောက်ခဲ့သည့် တာဝါတိုင်များ အချို့အပါအဝင် အွန်လိုင်းဘီလ် ပေးဆောင်မှုများနှင့် အခြားသော ဝန်ဆောင်မှုအချို့ကိုလည်း မြန်မာ့ဆက်သွယ်ရေးသို့ ပေးအပ်ခဲ့ရသည် ဟု သတင်းများ ထွက်ပေါ်လာသည်။

ဆက်သွယ်ရေး အော်ပရေတာ လေးခုအနက် အခြားသော ဆက်သွယ်ရေးအော်ပရေတာ သုံးခုတို့သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ၎င်းတို့လုပ်ကိုင်ဆောင်ရွက်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေ ညာ နိုင်ခဲ့သော်လည်း ရတနာပုံတယ်လီပို့သည် လက်ရှိအချိန်အထိ အော်ပရေတာလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးပေ။

Internet Journal

No comments:

Post a Comment