Thursday, September 4, 2014
ဖာဂူဆန်မှ ဂျင်ဘရောင်း အသတ်ခံရမှုမျိုး ထပ်မပေါ်ရအောင်
“ခြေလျင်တပ်တွေမှာတော့ သေနတ်ပြောင်းဝ ဘယ်လိုထားရမယ် ဆိုတာကို သေသေချာချာ သင်ပေးပါတယ်။ ဆန္ဒပြသူတွေရှေ့မှာ နေရာယူရရင် မောင်းထိန်းခလုတ်တွေကို ပိတ်ထားရသလို သေနတ်မောင်းပေါ်ကိုလည်း လက်ညှိုး တင်မထားရဘူး။ သေနတ်ပြောင်းကိုလည်း အောက်ကို စိုက်ထားရတယ်။ အောက်ကို မစိုက်တောင်မှ ၄၅ ဒီဂရီထက် ပိုမြှောက်ခွင့် မရှိဘူး။ အခုအနေအထားဟာ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ရှိနေကြောင်း သတိပေးတဲ့ အနေအထားပဲ”
(ဂျော်ဂျီယာပြည်နယ် ဖို့ဘင်းနင်း ခြေလျင်တပ်မှူး ဗိုလ်ချုပ်ကြီးဟောင်း ပေါလ်ဒီအီတန်)
ဗိုလ်ချုပ်ကြီးဟောင်း အီတန်သည် မစ်ဇိုရီပြည်နယ် စိန့်လူဝစ်မှ ဖာဂူဆန် ဆန္ဒပြသူများကို သေနတ်များနှင့် တည့်တည့်ချိန်ထားကြသည့် ရဲတပ်သားများကို ရုပ်မြင်သံကြားတွင် တွေ့မြင်ရပြီးနောက် စိတ်မသက်မသာနှင့် အထက်ပါအတိုင်း ပြောကြားခဲ့လေသည်။ ထိုသို့ စိတ်မသက်မသာ ဖြစ်သည်မှာ သူတစ်ဦးတည်း မဟုတ်၊ အငြိမ်းစား စစ်အရာရှိ အတော်များများကလည်း ဒေါသတွေ ဖြစ်ကြရသည်။
ယခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ရဲတစ်ဦးက လက်နက်မဲ့ လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဖာဂူဆန်မြို့နှင့်တကွ အခြားမြို့များတွင် ကန့်ကွက်ဆန္ဒပြပွဲများ တသီကြီး ဖြစ်ပွားသလို ဆန္ဒပြသူနှင့် ရဲအကြား ရုန်းရင်းဆန်ခတ်မှုများလည်း ထွက်ပေါ်ခဲ့သည်။ ထိုဆန္ဒပြပွဲများတွင် စိန့်လူးဝစ် ရဲတပ်ဖွဲ့က စစ်တပ်သုံး ထိုးစစ်လက်နက် ကိရိယာများ ခြေဆုံးခေါင်းဆုံး တပ်ဆင်ထားပြီး စစ်သုံး ဟမ်းဘီးဂျစ်ကားကြီးများ၊ သံချပ်ကာကားများပေါ်မှ သေနတ်ဖြင့် ပစ်မည်တကဲကဲ လုပ်နေပုံများကို တီဗီများ၌ မမြင်ချင်အဆုံး ဖြစ်နေသည်။ ဒီမိုကရက်တစ်ပါတီမှ မစ်ဇိုရီဆီးနိတ် လွှတ်တော်အမတ်ဖြစ်သူ မစ္စကလာမက်ကက် စကေးကတော့ “ဒီမြင်ကွင်းကို မြင်ရတဲ့ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေနဲ့ လွှတ်တော်အမတ်တိုင်း ဆီးနိတ်တာတိုင်း အတော်ပဲ စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ရဲတပ်ဖွဲ့ကို စစ်သုံးလက်နက် ကိရိယာတွေ တပ်ဆင်တဲ့ မူဝါဒကို ကျွန်မတို့ ပြန်သုံးသပ်ဖို့ အချိန်တန်ပြီ” ဟု ပြောကြားပါသည်။
ဆီးနိတ်တာ ကက်စကေး သိသမျှဆိုလျှင် အခုဖာဂူဆန်တွင် ကင်းလှည့်နေသော စစ်သံချပ်ကာယာဉ် Bear Cat တစ်စီး၏ တန်ဖိုးမှာ ဒေါ်လာသုံးသိန်း ခြောက်သောင်း ဖြစ်ပြီး DHS ခေါ် အမိမြေလုံခြုံရေး ဦးစီးဌာနမှ ချပေးသော Grant ဖြင့် ရဲအဖွဲ့မှ ဝယ်ယူထားခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ရဲအဖွဲ့ကို တဖြည်းဖြည်း စစ်တပ်နှင့်တူအောင် ပြောင်းလဲနေသည်မှာ ပိုသိသာလာသည်။ အထူးသဖြင့် ၂၀၀၁ ခု စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး နောက်ပိုင်းတွင် ပိုထင်ရှားလာသည်။ အရေးပေါ် ဖွဲ့စည်းလိုက်သော အမိမြေလုံခြုံရေး ဦးစီးဌာနကြီးသည် ရဲအဖွဲ့နှင့် အခြားအဖွဲ့အစည်းအချို့ကို အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန် ခေတ်မီပစ္စည်းများ တပ်ဆင်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းများ ပြုရန် ဒေါ်လာဘီလီယံပေါင်း များစွာ အသုံးပြုခဲ့လေသည်။ ဤအတောအတွင်း ပင်တဂွန် စစ်ဌာနချုပ်မှလည်း စစ်တပ်မှ ပိုလျှံသော စစ်ပစ္စည်း အစုံအလင်ကို ရဲတပ်ဖွဲ့များသို့ ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်မှာ ရဲအဖွဲ့၏ အကြမ်းဖက်သမားများ နှိမ်နင်းရေး စွမ်းရည်ကို မြှင့်တင်ရန် ဖြစ်သော်လည်း ရဲတပ်ဖွဲ့ အများဆုံး ရင်ဆိုင်ရသည်မှာ ရာဇဝတ်မှု ကလေးများသာ ဖြစ်သည်။ အထူးသဖြင့် ရာဇဝတ်မှု လျော့ပါး၍ အကြမ်းဖက်ဝါဒ ရင်ဆိုင်နှိမ်နင်းရမှု အလွန်နည်းနေသော လက်ရှိကာလတွင် ရဲအဖွဲ့ကို ထိုမျှ စစ်ပစ္စည်း အလုံးအရင်း တပ်ဆင်ဖို့ လိုအပ်ပါသလား၊ ရဲအဖွဲ့တွင်ရော အဆိုပါ ထိုးစစ်လက်နက်များ စနစ်တကျ ကိုင်တွယ်နိုင်စွမ်း ရှိပါသလားဟု လူတိုင်း မေးလာကြသည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကိုယ်တိုင်ပင် ထိုမေးခွန်းကို မေးလျက်ရှိသည်။
သမိုင်းကို ပြန်ကြည့်လျှင် ရဲဟူ၍ သီးခြားအဖွဲ့တစ်ဖွဲ့ မွေးဖွားလာခြင်းမှာ ပြည်တွင်းလူထု မငြိမ်မသက်မှုများအပေါ် စစ်တပ်ဖြင့် အကြမ်းပတမ်း နှိမ်နင်းခြင်းမျိုး ဆက်လက်မပြုလုပ်သင့်ဟု ယူဆကြသောကြောင့် ဖြစ်သည်။ ၁၈၂၉ ခုတွင် ဗြိတိန်၌ လန်ဒန်ရဲအဖွဲ့အဖြစ် ပထမဆုံး ထွက်ပေါ်လာသည်မှာ မန်ချက်စတာ အလုပ်သမား ဆန္ဒပြသူများကို မြင်းတပ်ဖြင့် ရက်ရက်စက်စက် ဖြိုခွဲခဲ့သည့် ၁၈၁၉ ခု ပီတာလူး လူသတ်ပွဲကြီးကို ဝိုင်းဝန်းဆန့်ကျင်ရာမှ သီးခြားရဲအဖွဲ့ ဖွဲ့ရန် စီစဉ်ကြသောကြောင့် ဖြစ်သည်။
၁၈၅၆ ခုတွင်တော့ ဗြိတိန်အနှံ့တွင် ရဲအဖွဲ့ အသီးသီး ပေါ်ထွက်လာပြီး ပြည်တွင်း ငြိမ်ဝပ်ပိပြားရေး တာဝန်ကို စစ်တပ်ထံမှ လုံးဝ လွှဲယူလိုက်လေသည်။ အသစ်ဖွဲ့စည်းလိုက်သော ရဲအဖွဲ့များမှာ ယူနီဖောင်းဝတ်ပြီး တပ်ပုံစံ ဖွဲ့စည်းကြသော်လည်း ရဲအဖွဲ့ သုံးစွဲသော နည်းဗျူဟာများမှာ စစ်တပ်နှင့် မတူသလို ရဲအဖွဲ့ ကိုင်စွဲသော လက်နက်မှာလည်း လူကိုမသေစေသော နံပါတ်တုတ်များသာ ဖြစ်သည်။ ရဲအဖွဲ့သည် သေနတ်ကို မိမိကိုယ်ကိုယ် ကာကွယ်ရာတွင်သာ အသုံးပြုခွင့် ရှိသည်။
ယခုခေတ်တွင်တော့ SWAT ကဲ့သို့ ကွန်မန်ဒိုရဲ၊ Paramilitia ရဲ၊ စစ်ရဲ စသဖြင့် လူသတ်လက်နက်များ ကိုင်စွဲခွင့် ရနေကြပြီ။
အစောပိုင်း ထွက်ပေါ်လာသော ရဲအဖွဲ့များသည် သူခိုးဓားပြရန်မှ ကာကွယ်သူ၊ ရာဇဝတ်မှု နှိမ်နင်းသူ၊ ပြည်သူလူထုကို ကူညီသူ၊ အများပြည်သူ ဘဝနှင့် မိုးလင်းမှ မိုးချုပ် ထိတွေ့နေရသူ အဖြစ် လေးစားအသိအမှတ်ပြုခြင်း ခံရသလို လူအများ၏ ယုံယုံကြည်ကြည် တာဝန်အပ်နှင်းခြင်း ခံရသည်ဟူသော တရားဝင်မှုကိုလည်း ရရှိကြလေသည်။ သို့သော် နောက်ပိုင်းတွင် ထိုတရားဝင်မှု နေရာတွင် နိုင်ငံတော်အပေါ် တာဝန်သိမှုက အစားဝင်ရောက်လာသည်။ အရပ်ဘက်ကိစ္စတင် မကတော့ဘဲ နိုင်ငံရေးကိစ္စပါ ရောနှောလာပြီး သက်ဆိုင်ရာ အစိုးရ၏ လက်ရုံးဖြစ်လာသည်။ ယင်းသို့ ရွေ့လျောသွားသည်မှာ ရဲအဖွဲ့တစ်ခုတည်းတော့ မဟုတ်၊ တရားရုံးတွေ၊ တရားစီရင်ရေးတွေ၊ အကျဉ်းထောင်တွေလည်း ရွေ့လျောသွားကြသည်။ စစ်တပ်ပင်လျှင် ရွေ့လျောသွားလေတော့သည်။ တစ်ခါတစ်ရံတွင် ထိုသို့ ရွေ့လျော့ရုံပင်မက Police State ရဲအဖွဲ့အောက်မှ နိုင်ငံတော်များ ဘဝသို့ပင် ရောက်ကြရဖူးသည်။ ထို Police State များတွင် ဘာတရား ဥပဒေမှပင် မရှိတော့ဘဲ ရဲအဖွဲ့သည် တစ်ပါတီ အာဏာရှင်အစိုးရ၏ လက်ကိုင်တုတ်အဖြစ် ပြည်သူလူထုအပေါ် ရမ်းချင်သလို ရမ်းခွင့် ရသွားလေသည်။ ထိုနိုင်ငံများတွင် လျှို့ဝှက်ရဲ၊ ဂက်စတာပိုအောက် ရောက်ရသည်မှာ သေရသည်နှင့် မခြားပေ။
နိုင်ငံရေးသိပ္ပံပညာရှင် အင်ဒရူး ဟေးဝုဒ်ကတော့ ရဲအဖွဲ့လုပ်ငန်းနှင့် နိုင်ငံရေး လွှမ်းမိုးရောယှက် လာစေသည့် အချက်နှစ်ချက်ကို ရေးခဲ့ဖူးပါသည်။ ပထမအချက်မှာ ရဲများသည် အုပ်စုအချို့ အကျိုးစီးပွားအချို့နှင့် ဆက်နွှယ်ကာ နိုင်ငံရေး၊ လူမှုရေးအရ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ကိုယ်တာဝန်ယူရမည့် အရပ်ဘက်ကိစ္စများကို ချဲ့ကားရင်း နိုင်ငံရေး ပြဿနာထဲ ရောက်ရှိသွားခြင်း ဖြစ်လေသည်။ သူ့အမြင်အရ ရဲလုပ်ငန်း၏ ပင်ကို သဘာဝအရ လည်းကောင်း၊ ရဲများ သင်ကြားခဲ့သော ပညာနှင့် စည်းကမ်းများအရ လည်းကောင်း ရဲများတွင် သီးခြားအစဉ်အလာ တစ်ခုပင် ရှိလေသည်။ ထိုအစဉ်အလာမှာ အခြားမဟုတ် လူမှုဆက်ဆံရေးတွင် သြဇာအာဏာပြခြင်းနှင့် နိုင်ငံရေးတွင် ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဝါဒ ကျင့်သုံးသည့် အစဉ်အလာ ဖြစ်သည်။ ထိုအစဉ်အလာကြောင့်ပင် Civil Rights (နိုင်ငံသား အခွင့်အရေး) တောင်းဆိုသူများအပေါ် စာနာထောက်ထားခြင်း သိပ်မရှိကြ။ အလုပ်သမားသပိတ်များ၊ လယ်သမား ဆန္ဒပြသူများ၊ လူနည်းစု အခွင့်အရေး တောင်းဆိုသူများနှင့် အခြားကန့်ကွက် ဆန္ဒပြသူမျိုးစုံကို အကြမ်းပတမ်း နှိမ်နင်းရန် အသင့်ရှိနေကြသည်ဟု ဆိုပါသည်။
၁၉၆၇ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားသော “ပူပြင်းရှည်လျားသော နွေကာလများ” အရေးအခင်းတွင် လည်းကောင်း၊ လော့စ်အိန်ဂျလိစ်တွင် ဖြစ်ပွားသော ရော့ဒနီကင်း ရိုက်မှုနောက်ဆက်တွဲ အဓိကရုဏ်းများတွင် လည်းကောင်း ရဲတပ်ဖွဲ့များသည် နိုင်ငံရေး လူမျိုးရေးအခံများဖြင့် တုံ့ပြန်ခဲ့ကြောင်း အထောက်အထား တပုံတပင် ပေါ်ထွက်လာလေသည်။ အလားတူပင် ဗြိတိန်နိုင်ငံတွင် ရဲသားများက စတီဖင်လောရင့်ကို သတ်ပစ်ခဲ့ခြင်းမှာလည်း ထိုနိုင်ငံရေး လူမျိုးရေးအခံများကြောင့် ဖြစ်ပွားရကြောင်း တွေ့ရှိကြရလေသည်။ ယခု ဖာဂူဆန် ကိစ္စအတွင်း လူထုစစ်တမ်းအရ ရဲအဖွဲ့နှင့် တရားရုံးအပေါ် ယုံကြည်မှု ကျဆင်းလာသည်မှာလည်း ယင်းအခံများကို သံသယ ရှိနေကြသောကြောင့် ဖြစ်သည်။
ဤနေရာတွင် ရဲအဖွဲ့၏ တာဝန်ဝတ္တရားနှင့် ပင်ကိုသဘာဝအပေါ် ရှုမြင်ရာတွင် အမြင်သုံးမျိုး ကွဲပြားလျက် ရှိလေသည်။
(၁) လစ်ဘရယ်အမြင်- ရဲအဖွဲ့ ဆိုသည်မှာ ကြားနေအင်အားစု ဖြစ်သည်။ ပြည်တွင်း ငြိမ်ဝပ်ပိပြားမှုကို ကာကွယ်စောင့်ရှောက်ရာတွင် လူတစ်ဦးချင်း၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အကာအကွယ် ပေးရမည်။ တရားဥပဒေ စိုးမိုးမှုကို မြှင့်တင်ပေးသူ ဖြစ်ရမည်။
(၂) ကွန်ဆာဗေးတစ်အမြင်- ရဲအဖွဲ့ဟူသည် နိုင်ငံတော်၏ အခွင့်အာဏာများကို ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်သလို နိုင်ငံတော်၏ တရားစီရင်ခွင့် အာဏာကိုလည်း လုံခြုံစိတ်ချအောင် ကာကွယ်ရသူ ဖြစ်သည်။ ထို့ကြောင့် ရဲအဖွဲ့သည် အရပ်ဘက် ငြိမ်ဝပ်ပိပြားမှု ပျက်ပြားခြင်းနှင့် လူမှုမငြိမ်မသက်မှုများ အပေါ် ထိန်းချုပ်နိုင်စွမ်းရှိရုံမက နိုင်ငံရေးဆိုင်ရာ ချုပ်ကိုင်နိုင်စွမ်းရှိသည့် ယန္တရားလည်း ဖြစ်သည်။
(၃) ရက်ဒီကယ်အမြင်- ရဲအဖွဲ့ ဆိုသည်မှာ ပြည်သူလူထု အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံတော် အကျိုးအတွက်သာ ဆောင်ရွက်သည်။ အများပြည်သူ အကျိုးထက် လက်တစ်ဆုပ်စာ အုပ်စိုးသူ အီလစ် ထိပ်ပိုင်း အလွှာအတွက်သာ အလုပ်လုပ်သည်။ တစ်နည်းအားဖြင့် ဖိနှိပ်ရေး ကိရိယာ ဖြစ်သည်ဟု ယူဆကြသည်။
နိုင်ငံတစ်ခုအတွက် ပြည်တွင်းလုံခြုံရေးကို Order (ငြိမ်ဝပ်ပိပြားရေး) ဟုလည်း ခေါ်ကြလေသည်။ ယင်း၏ နိုင်ငံရေး အဓိပ္ပာယ်မှာ တည်ငြိမ်ရေး၊ စည်းကမ်းတကျ လည်ပတ်ရေး၊ လူတစ်ဦးစီတိုင်း လုံလုံခြုံခြုံရှိရေး ဖြစ်သည်။ ယင်းရည်ရွယ်ချက် ပြည့်မြောက်ရန် အထက်မှ ဖော်ဆောင်သည့် နည်းနှင့် အောက်ခြေမှ ဖော်ဆောင်သော နည်းဟူ၍ နည်းနှစ် နည်းရှိသည်။ အထက်မှ ဖော်ဆောင်သော နည်းမှာ အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်အစိုးရမှ လုံခြုံရေးအဖွဲ့များ စေလွှတ်၍ မငြိမ်မသက်မှုများကို ဖြိုခွဲသည့် နည်းဖြစ်သည်။ အောက်မှ ဖော်ဆောင်သောနည်းမှာ လူမှုတန်းတူရေး၊ လူမှုတရားမျှတရေးများ အကောင်အထည်ဖော်ပြီး အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန် လေးစားရေးများဖြင့် Order ကို ဖော်ဆောင်ခြင်း ဖြစ်သည်။ သို့သော် နည်းနှစ်နည်းတွင် ပထမနည်းဖြင့်သာ ငြိမ်ဝပ်ပိပြားမှု ရရှိနိုင်သည်ဟု ယခုအခါ ယုံကြည်စွဲမှတ်နေကြသည်။ ဤသို့ ယုံကြည်သည့် အထဲတွင် ကွန်ဆာဗေးတစ် အမြင်ရှိသူများ ရှေ့ဆုံးမှ ပါဝင်သလို ရဲအဖွဲ့လည်း ရှေ့ဆုံးမှ ပါဝင်နေလေသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ၁၉ ရာစုတွင် ထွက်ပေါ်လာသော ရဲအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အရပ်ဘက် ငြိမ်ဝပ်ပိပြားမှု ဆောင်ရွက်ရန် ဖြစ်သော်လည်း ၂၀ ရာစုမှာတော့ ခြားနားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်လာရသည်။ စက်မှုလုပ်ငန်းများ ထွန်းကားသော၊ မြို့ပြများ ကြီးထွားလာသော ခေတ်တွင် လူ့အဖွဲ့အစည်းမှာ ပိုမိုရှုပ်ထွေးသလို ပိုမိုလည်း ကွဲပြားလေသည်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမှအစ ခိုးမှု၊ လုယက်မှု၊ ဘဏ်ဓားပြတိုက်မှု အလယ်၊ မူးယစ်ဆေးဂိုဏ်း၊ လူမှောင်ခိုဂိုဏ်း၊ အစွန်းရောက် စစ်သွေးကြ နိုင်ငံတကာကွန်ရက် အဆုံး ရဲအဖွဲ့မှ ရင်ဆိုင်နှိမ်နင်းရသလို နိုင်ငံရေး ကိစ္စများကိုလည်း အထူးရဲတပ်ဖွဲ့ဖြင့် ကိုင်တွယ်ကြရလေသည်။ မူလက နိုင်ငံရေးနှင့် ကင်းရှင်းပြီး ကြားနေအဖွဲ့အစည်း ဖြစ်သော်လည်း ယခုအခါ နိုင်ငံရေးနှင့် ဆက်နွှယ်သော ဆန္ဒပြပွဲများ၊ လူမှုမငြိမ်မသက်မှုများကို ရဲတပ်ဖွဲ့ဖြင့် လွှတ်ပေးလာကြသည်။ ယခင်က စစ်တပ်ဖြင့် လူမှုမငြိမ်သက်မှုကို နှိမ်နင်းခြင်းကို အလိုမရှိကြသဖြင့် ရဲအဖွဲ့ကို မွေးဖွားပေးလိုက် ကြသူများသည် ယခုအခါ ရဲအဖွဲ့ကို စစ်ပုံစံ ဖန်တီးချင်ကြပြန်သည်။
ငြိမ်ဝပ်ပိပြားမှုအပေါ် ကွန်ဆာဗေးတစ် အမြင်များ တိုးများလာသောအခါ ရယ်ဒီကယ် အမြင်များမှာလည်း ပို၍ ထက်သန်လာပြန်သည်။ Civil Rights တောင်းဆိုနေသူများမှာ လူ့အဖွဲ့အစည်း၏ အပိုအုပ်စုများ မဟုတ်။ ကြီးမားသော အစိတ်အပိုင်းကြီး ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး အကျိုးခံစားခွင့်၊ စီးပွားရေး အကျိုးခံစားခွင့်၊ သယံဇာတ အကျိုးခံစားခွင့်များ ခွဲဝေရာတွင် လျစ်လျူရှုခံရသူများ၊ ဝေပုံကျ မဖြစ်စလောက်သာ ရရှိသူများအတွက် ထိုသို့ တောင်းဆိုဆန္ဒပြသည့် နည်းမှလွဲ၍ အခြားရွေးစရာ သိပ်မရှိကြပေ။ ယင်းတို့၏ Civil Rights လှုပ်ရှားမှုများကို ရဲအဖွဲ့မှ ဖမ်းဆီးနှိမ်နင်းခြင်း၊ တရားရုံးများက မတန်တဆ အပြစ်ပေးခြင်းများ ထပ်တလဲလဲ ကြုံလာကြသောအခါ ရဲအဖွဲ့ကို ဖိနှိပ်ရေး ကိရိယာအဖြစ် မြင်လာကြသည်မှာလည်း မဆန်းချေ။ ဤအချက်ကို အမေရိကန် Wall Street သိမ်းပိုက်ရေး လှုပ်ရှားမှု၊ ဥရောပ Austerity ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ အလုပ်သမား သပိတ်များတွင် အထင်အရှား တွေ့နိုင်လေသည်။
အမေရိကတွင်တော့ ၂၀၀၁ ခု စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုကြီး ခံရအပြီး နောက်ပိုင်းတွင် အမိမြေ လုံခြုံရေးဦးစီးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ်မှ ရဲအဖွဲ့ အသီးသီးကို စစ်လက်နက် ကိရိယာများ ငွေကြေးများ ပုံအော၍ စစ်ဘက်အသွင်ပြောင်းရန် အားထုတ်ခဲ့ကြသည်။ မစ်ဇိုရီပြည်နယ် ဖာဂူဆန်မြို့တွင် လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲတစ်ဦးက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပတ်ခတ်မှု ပေါ်လာပြီး နောက်ပိုင်းတွင်တော့ စစ်တပ်အသွင် ပြောင်းလာသော ရဲအဖွဲ့ကို လူတိုင်း အာရုံစိုက်လာကြ သည်။ Huffpost နှင့် YouGov တို့မှ ကောက်ယူသော စစ်တမ်းအရ ရဲအဖွဲ့က ပို၍ အကြမ်းဖက်လာသည်ဟု ယူဆသူ ၄၃ ရာခိုင်နှုန်းရှိပြီး တရားရုံးကို အယုံအကြည်မရှိသူ ၄၅ ရာခိုင်နှုန်းပင် ရှိလေသည်။ ရဲအဖွဲ့၏ လူမည်းများအပေါ် ပြုမူဆက်ဆံပုံသည် လူဖြူများအပေါ် ဆက်ဆံပုံထက် ပို၍ ကြမ်းတမ်းရက်စက်သည်ဟု မြင်သူမှာလည်း ၅၃ ရာခိုင်နှုန်းအထိပင် ရှိလေသည်။ ဤအခြေအနေကို လှည့်ပြောင်းမည် ဆိုပါက ရဲအဖွဲ့ကို စစ်လက်နက် ကိုင်တတ်အောင် သင်ပေးရုံ၊ ရဲအဖွဲ့လက်ထဲမှ စစ်လက်နက်တချို့ ဖြုတ်ပစ်ရုံဖြင့် မလုံလောက်ပေ။ ငြိမ်ဝပ်ပိပြားမှုနှင့် ပတ်သက်သော ကွန်ဆာဗေးတစ် အမြင်များကို ပြောင်းလဲပစ်ဖို့လည်း လိုလိမ့်မည်။
(နေဦးဝေ)
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment