Monday, September 1, 2014

ဆင်းမ်ကတ်များ အကန့်အသတ်မရှိ ရောင်းချမည့် သတင်းကြောင့် ပြင်ပဈေးကွက်ပျက်၊ အူရီးဒူးကတ်ဝယ်သူနည်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကတ်များကို စက် တင်ဘာလ ၁ ရက်တွင် စတင် ရောင်းချမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း၌ လက်ရှိရောင်းချနေသည့် MPT ၏ ကျပ်၁၅၀၀တန် GSM ဆင်းမ်ကတ်များအရောင်းအ၀ယ်ပြုလုပ်မှုမရှိတော့ဘဲ အူရီးဒူးဆင်းမ်ကတ်များ ၀ယ်ယူသူ လျော့ကျလာကြောင်း ဟန်းဆက် အရောင်းဆိုင်များနှင့် ဆင်းမ်ကတ် အရောင်းအ၀ယ်ပြုလုပ်သူများထံမှ သတင်းရရှိသည်။
‘‘အရင်က ချပေးထားတဲ့ ၁၅၀၀ တန် GSM ဆင်းမ်ကတ် တွေကိုမရောင်းတော့တာ တစ်ပတ်လောက်ရှိပြီ MPT က ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်ဆိုတော့ ဈေးလည်းသိပ်မရတော့ဘူး။ အဲဒါကိုပဲ ဆက်ရောင်း သွားဖို့ရှိပါတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ MEGA မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
MPT ၏ ကျပ် ၁၅၀၀ တန် GSM ဆင်းမ်ကတ်များကို ပြီးခဲ့သည့် တစ်ပတ်ကျော်က ကျပ်ခြောက် သောင်းကျော်အထိပေး၍ ၀ယ်ယူသူများရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဆင်းမ်ကတ် များကို လိုသလောက် ရောင်းချပေးတော့မည်ဖြစ်သည့်အတွက် အရောင်းအ၀ယ်မပြုလုပ်တော့ကြောင်း ရန်ကုန်မြို့အတွင်း ဆင်းမ်ကတ် အရောင်း အ၀ယ်ပြုလုပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် စတင်ရောင်းချစဉ် က လူအများစိတ်ဝင်တစားအလု အယက်ဝယ်ယူခဲ့ကြသည့် အူရီးဒူး ဆင်းမ်ကတ်များမှာလည်း ယခုရက်ပိုင်းအတွင်း စိတ်ဝင်စားမှုလျော့ကျလာပြီး ၀ယ်ယူသူဦးရေ အများအပြားလျော့ကျသွားကြောင်း ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှ သိရသည်။
‘‘အူရီးဒူးက နေရာတိုင်းမှာ သုံးလို့ အဆင်မပြေသေးဘူးလေ။MPT ကတော့ အစကတည်းက ကွန်ရက်ရှိတဲ့အတွက် နေရာတိုင်းမှာသုံးလို့ရတာကြောင့် လူတွေကတော်တော်လေး စိတ်ဝင်စားနေကြတယ်။ အူရီးဒူးဆင်းမ်ကတ် ကို ၀ယ်တဲ့သူတွေ တော်တော် လေးကို နည်းသွားတယ်’’ဟု လူ ကြီးမင်း စီးပွားရေးလုပ်ငန်းစုမှ ဒါ ရိုက်တာ ကိုစည်သူက ပြောသည်။မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ယခင်က ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို တစ်လလျှင် လေးသိန်းနှုန်းဖြင့် လစဉ်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ သော်လည်း အဆိုပါစနစ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် နောက် ဆုံးရောင်းချပေးခဲ့သည်။ ယခုစက် တင်ဘာလမှစ၍ လိုသလောက် ၀ယ်ယူနိုင်မည့် စနစ်ကို ပြောင်း လဲသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘အရင်ကတော့ ဆင်းမ်ကတ်တွေကို တစ်လ လေးသိန်းပဲ ရောင်းတယ်။ အခုနောက်ပိုင်းမှာတော့ ဈေးကွက်လိုအပ်ချက်အရ လိုသ လောက် ရောင်းချပေးသွားမှာပါ။ ဒီလမှာ ရောင်းချပေးမယ့် အရေ အတွက်ကို ကြိုမပြောနိုင်သေးပေ မယ့် လေးသိန်းထက်ကျော်မှာ တော့ သေချာပါတယ်’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။
စက်တင်ဘာ ၁ ရက်နေ့တွင် ရောင်းချပေးမည့် MPT ဆင်းမ်ကတ်များမှာ WCDMA (3G) စနစ်သုံးဖြစ်ပြီး GSM နှင့် CDMA ဆင်းမ်ကတ်များပါဝင်ခြင်းမရှိကြောင်း ဟန်းဆက်အရောင်းဆိုင်များမှ သိရသည်။
MPT ဆင်းမ်ကတ်များကိုယခင်ကထက် ဈေးပေါပေါဖြင့် လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်သော်လည်းလက်ရှိရောင်းချပေးမည့် ဆင်းမ်ကတ်များတွင် အင်တာနက် အသုံးပြုလိုပါက ငွေတစ်သောင်းကျပ်ဖြင့် လျှောက်ထားရဦးမည် ဖြစ်ကြောင်း ဟန်းဆက်အရောင်းဆိုင်များထံမှ သိရသည်။
‘‘အခုရောင်းမယ့် ဆင်းမ်ကတ်တွေကလည်း အင်တာနက်ကို တစ်သောင်းနဲ့လျှောက်ရဦးမယ်လို့ သိရတယ်။ ပြည်ပအော်ပရေတာတွေက ဆင်းမ်ကတ်တွေမှာ အင်တာနက်ကို တစ်ခါတည်းသုံးလို့ရ နေပြီးတော့၊ MPT အင်တာနက်အတွက် ပိုက်ဆံထပ်ပေးရမယ်ဆို ရင် သုံးစွဲသူတွေအတွက် သိပ်အဆင်မပြေနိုင်ဘူး’’ဟု ကိုစည်သူက ပြောသည်။
MPT ဆင်းမ်ကတ်များကို ၀ယ်ယူလိုပါက သုံးစွဲသူ၏ အမည်၊ မှတ်ပုံတင်အမှတ်စသည့် အခြေခံအချက်အလက်များကို အူရီးဒူးဆင်းမ်ကတ်ဝယ်ယူပါက ဖြည့်သွင်းသည့်အတိုင်း ပြုလုပ်ပေးရမည်ဖြစ်ကြောင်းလည်းသိရသည်။
ဈေးကွက်အတွင်း၌ ဆင်းမ်ကတ်များကို အပြိုင်ရောင်းချတော့ မည်ဖြစ်၍ ဟန်းဆက်ဝယ်လိုအား တက်လာနိုင်သောကြောင့် ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်သော်လည်း သိသာစွာဈေးတက်ခြင်းမျိုးမရှိနိုင်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ သိရသည်။
‘‘ဟန်းဆက်ဝယ်လိုအား တက်လာမှာဖြစ်တဲ့အတွက် ဈေး အနည်းငယ်ပြောင်းတာမျိုးပဲရှိမှာ ပါ။ သိသိသာသာဈေးတက်သွား တာမျိုးတော့ မရှိပါဘူး။ ဟန်း ဆက်ဆိုင်တွေက ပေါလာတဲ့အ တွက် အပြိုင်ရောင်းကြမှာဖြစ် တာကြောင့် သိပ်မကွာနိုင်ပါဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်သွား တဲ့ ဟန်းဆက်မော်ဒယ်တွေ လောက်ပဲ တက်မှာပါ’’ဟု လူကြီး မင်းစီးပွားရေးလုပ်ငန်းစုမှ ဒါရိုက် တာ ကိုစည်သူက ပြောသည်။
၂၀၁၃ ဧပြီလမှ စတင်၍ ဆင်းမ်ကတ်များကို လစဉ် အုပ်ချုပ်ရေးမှူးရုံးများတွင် မဲနှိုက်ပြီး ၁၅၀၀ ဖြင့် ရောင်းချပေးခဲ့ရာ မဲပေါက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းကတ်ထုတ်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment