Tuesday, September 30, 2014


ကမ္ဘာ့အဆင့်မြင့်ဆုံး ၊အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်ခဲ့သည့် Miss Myanmar World ၂၀၁၄ပြိုင်ပွဲကြီးကို စက်တင်ဘာ၊ ၂၇ရက်နေ့က ရန်ကုန်မြို့ရှိ STRAND ဟိုတယ်မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်အလှမယ်
၁၉ဦးထဲကနေမှ အလှမယ် အသီးသီးရွေးချယ်ခဲ့ရာ 1ST Runner Up ဆုရှင်အဖြစ် ခင်ရတနာဟိန်း၊ 2ND Runner Up အဖြစ် ထက်ထက်ထွန်း တို့ကရရှိခဲ့ကာ Miss Myanmar World ရဲ့ Winner ဆုရှင်အဖြစ် ဝိုင်းလေး က ရရှိသွားခဲ့ပါတယ်။ Winner ဆုရရှိခဲ့သော ဝိုင်းလေးနှင့်တွေ့ဆုံပြီး ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ၊ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ယောက်ဖြစ်ခွင့်ရခဲ့တဲ့ ခံစားမှုတို့ နှင့် ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တာကတော့
Miss Myanmar World ပြိုင်ပွဲမစတင်ခင်ကတည်းက ဝိုင်းလေးဆိုပြီး နာမည်ထွက်ခဲ့တာဆိုတော့ အခုလို ဆုရရှိခဲ့အခါ ဝိုင်းလေးဘယ်လိုခံစားမိလဲ။
ဒီပြိုင်ပွဲက အရမ်းလည်း စည်းကမ်းတင်းကျပ်ပါတယ်။ Trainning တွေလည်း အရမ်းပေးတယ်။ ပြိုင်ပွဲဝင်တွေ အားလုံးကိုလည်း တန်းတူညီတူ တစ်ပြေးတည်း ထားတယ်။ တန်းတူပဲ ဆက်ဆံပါတယ်။ အမှတ်ပေးတဲ့ အခါမှာလည်း ပြိုင်ပွဲတစ်ယောက်ကို ကြီးကြပ်သူနှစ်ယောက်လောက်က သေချာကြည့်ပြီး အမှတ်ပေးပါတယ်။ ဘယ်သူကမှလည်း ဆုရမယ်လို့ သေချာမသိကြဘူး။ ညီမကိုယ်တိုင်လည်း ပြိုင်ပွဲနေ့က ကိုယ့်ကိုယ့်ကိုယ် ဆုရမယ်လို့ မမှန်းထားပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲစပြိုင်ကတည်းက ညီမခံယူချက်တစ်ခုတော့ ထားထားတယ်။ ညီမအကောင်းဆုံး ယှဉ်ပြိုင်မယ်။ ညီမမှာTalent ရှိတယ်လို့ ယုံကြည်တဲ့အတွက် Talent ဆုတစ်ဆုတော့ ညီမရချင်တယ်ပေါ့နော်။ ပြိုင်ပွဲမှာ တကယ်လည်း ညီမTalent ဆုရခဲ့တော့ ကျေနပ်သွားပြီ။ ကျန်တဲ့ ပထမ၊ ဒုတိယ ၊တတိယဆုရတာ၊ မရတာတော့ ညီမရဲ့ စည်းကမ်းလိုက်နာမှု၊ ကြိုးစားမှုအပိုင်းနဲ့ ဆိုင်တယ်ပေါ့နော်။  Talent ဆုရပြီး ညီမကျေနပ်သွားပြီး စင်ပေါ်က ညီမဆင်းသွားတယ်။ ဒါပေမယ့်မထင်မယ့်ဘဲ မေးခွန်းတွေဖြေပြီးတော့ ညီမWinner ဆုရကြောင်း သိလိုက်ရတော့ အရမ်းပျော်သွားပါတယ်။ အိမ်မက်မက်နေသလိုပါပဲ။  လုံးဝကို မယုံနိုင်တာပါ။ နောက်ဆုံး ညီမနဲ့ ဟိန်းနှစ်ယောက်ပဲကျန်တယ်။ ဟိန်းဆိုလည်း အရမ်းချစ်ဖို့ကောင်းတယ်။ သူနဲ့ညီမကပြိုင်ပွဲအတွက် ဖောင်တင်တာကအစ နောက်ဆုံးနေ့မှာ အတူတူပဲ။ ညီမတို့နှစ်ယောက်မှာ တူညီတဲ့အချက်တစ်ခုက အားငယ်တတ်ကြတယ်။ ညီမကိုယ်တိုင်လည်း ဟိန်းကို ရစေချင်တော့ ပရိသတ်တွေလိုပဲ ကိုယ်တောင် သူ့နာမည်ကို အော်ခဲ့မိတယ်။
ဝိုင်းလေးက ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာကနေ ဘယ်လိုဖြစ်ပြီးMiss ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စိတ်ကူးရခဲ့တာလဲ။
ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ညီမအရမ်းစဉ်းစားခဲ့ရပါတယ်။ ပရိသတ်တွေကလည်း ညီမကို အိမ်မက်ဆုံရာက ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ သိထားကြတယ်။ ညီမအနေနဲ့ ရှိုးပွဲတွေ လိုက်ဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်တော့ professional အဆိုတော်တစ်ယောက် မဖြစ်သေးဘူးလို့ ခံစားရတယ်။ ညီမအနေနဲ့ တစ်ကိုယ်တော်အခွေလည်း ထုတ်ချင်ပါတယ်။ ဒီကြားထဲမှာ Miss Myanmar World ပြိုင်ပွဲအကြောင်းကို သိလိုက်ရတယ်။ ဒီပြိုင်ပွဲက Talent ရှိတဲ့ အမျိုးသမီးတွေ၊ ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေကို ရှာဖွေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတယ်လို့ သိရတဲ့အခါမှာ၊ ညီမရဲ့ အသက်ကလည်း ငယ်သေးတယ်။ သာသာစကားပိုင်းမှာပဲဖြစ်ဖြစ်၊ ဂီတပိုင်းမှာပဲဖြစ်ဖြစ် ကိုယ့်မှာလည်း Talent ရှိတယ်လို့ ယုံကြည်တယ်။ နိုင်ငံကိုယ်စားပြုနိုင်တဲ့ Miss တစ်ယောက် ဖြစ်ချင်တယ်။ အဲဒီမှာ ညီမရဲ့မိသားစု အသိုင်းအဝိုင်းနဲ့၊ အိမ်မက်ဆုံရာကပရိသတ်တွေကပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ဖို့ ညီမကို တွန်းအားပေးတယ်။
ဂီတလောကမှာ အောင်မြင်မှုရရှိဖို့ကြိုးစားနေတဲ့ ဝိုင်းလေးက နိုင်ငံကိုယ်စားပြု အလှမယ်ဝိုင်းလေး ဖြစ်လာတဲ့အပေါ်မှာဘယ်လို ကွာခြားချက်တွေရှိလာနိုင်မလဲ။
အရင်တုန်းက ဂီတလမ်းကြောင်းမှာကြိုးစားနေတဲ့ ဝိုင်းလေးနဲ့တော့ မတူတော့ဘူးပေါ့နော်။ ညီမက အခုဆို နိုင်ငံကိုယ်စားပြုအလှမယ် တစ်ယောက်အနေနဲ့ Miss World ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာဆိုတော့ တာဝန်လည်း ကြီးလာပါတယ်။ ညီမကအရင်ကတည်းက အပြင်တွေ ဘာတွေသိပ်မသွား တတ်ဘူးလေ။ သွားရင်လည်း မေမေပါတယ်။ ညီမကအိမ်မှာနေပြီး အားရင် စန္ဒရားတီးတယ်။ စာဖတ်တယ်။ သီချင်းဆိုတယ်။ Miss တစ်ယောက်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာလည်း အရင်ကလိုပဲ ညီမထိန်းထိန်းသိမ်းသိမ်းနဲ့ ကြိုးစားနေထိုင်သွားမှာပါ။
Miss World ပြိုင်ပွဲမှာနိုင်ငံတကာက အလှမယ်တွေနဲ့ယှဉ်ပြိုင်ရမှာဆိုတော့ ကိုယ့်နိုင်ငံအတွက် ဝိုင်းလေး ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မှာလဲ။ ကိုယ့်ရဲ့အထူးခြားဆုံးကိုယ်ရည်ကိုယ်သွေး ကရော ဘာလဲ။
ညီမတို့ ဘန်ကောက်ကို သွားတုန်းက ဖူးခက်မှာMiss Thailand World 2014နဲ့ တွေ့ရတယ်။ ထိုင်းရုပ်သံ လိုင်းတွေကလည်း အင်တာဗျုးကြပါတယ်။ သူနဲ့ညီမတို့နဲ့လည်း ပေါင်းရသင်းရတာ အဆင်ပြေပါတယ်။ အင်္ဂလန်မှာလုပ်မယ့် Miss World ၂၀၁၄ပြိုင်ပွဲကို သွားပြိုင်တဲ့အခါမှာလည်း အားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းဆက်ဆံသွားမှာပါ။ ညီမရဲ့ အဓိကအားသာချက်တစ်ခုကတော့ ငယ်ငယ်ကတည်းက ဂီတကိုဝါသနာပါတဲ့အတွက် စန္ဒရားတီးခဲ့ တယ်။ ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာလည်း စန္ဒရားနဲ့ပတ်သက်ပြီး ဆုတွေရခဲ့တယ်။ စန္ဒရားဆိုတာက တကယ်တော့ အနောက်တိုင်းတေးဂီတပါ။ ညီမက စန္ဒရားနဲ့မြန်မာဂီတသံစဉ်တွေ ကိုတီးပြတဲ့အခါမှာ ထူးခြားမှု တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ညီမပတ္တလားကိုလည်း တီးနိုင်တယ်။ ဘာသာစကားပိုင်းမှာလည်း ညီမအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပါပဲ။ နိုင်ငံခြား ဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာနဲ့လည်း ကျောင်းပြီးထားပါသေးတယ်။ ပြိုင်ပွဲမှာ ကိုယ့်နိုင်ငံအတွက် ညီမအကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ်။ ပြိုင်ပွဲမှာဆုရတာ၊မရတာထက် မြန်မာနိုင်ငံက အမျိုးသမီးတွေက အရည်အချင်းရှိတယ်ဆိုတာ ညီမကို ကြည့်ရုံနဲ့သိနိုင်အောင် ပြသခဲ့မှာပါ။
နိုင်ငံတကာက အလှမယ်တွေနဲ့ယှဉ်ရင် ကိုယ့်မှာဘယ်လိုအားနည်းချက်တွေရှိတယ်လို့ ဝိုင်းလေးထင်လဲ။
ညီမအရင်တုန်းကဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းပါတယ်။ ငါဆုမှရပါ့မလား။ လှပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေ ရှိခဲ့ဖူးတယ်။ နိုင်ငံတကာက အလှမယ်တွေနဲ့ မယှဉ်ပါနဲ့ဦး။ ကိုယ့်နိုင်ငံမှာ တောင် ညီမထက်ချောတဲ့လှတဲ့သူတွေ အများကြီးပါပဲ။ ဒါပေမယ့် ပြိုင်ပွဲမှာ ကိုယ့်ရဲ့ကြိုးစားမှုကပဲ အဓိကကျမယ်လို့ ထင်ပါတယ်။ တစ်ခြားနိုင်ငံသူကMiss တွေထဲမှာလည်းခွဲစိတ် ပြုပြင်ထားတဲ့ သူတွေပါနိုင်တယ်။ ညီမ ကတော့ ကိုယ့်ရဲ့မွေးရာပါ ပင်ကိုယ်အလှသက်သက်နဲ့ သွားပြိုင်မှာဖြစ်တဲ့အတွက် ၊ ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့၊ စိတ်ထားဖြူစင်ဖို့အရေးကြီးတယ် လို့ထင်တယ်။ ဝိုင်းလေးက ကိုယ့်နိုင်ငံကိုယ်စားပြု နိုင်တဲ့ Miss တစ်ယောက်ဖြစ်ခွင့်ရခဲ့တဲ့အတွက် ကံအကောင်းဆုံး အမျိုးသမီးတစ်ယောက်လို့ ခံယူထားပါတယ်။
Miss Myanmar World ၂၀၁၄ ဆုကို ဝိုင်းလေးရရှိခဲ့တဲ့အပေါ် ပရိသတ်အချို့ကနောက်ဆုံးပြိုင်ပွဲ မှာ ဝိုင်းလေးဝတ်ဆင်တဲ့အရောင်နှင့် ဗဟုသုတမေးခွန်းတွေဖြေတုန်းအချိန်တွေမှာ ဝေဖန်မှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
မေးခွန်းဖြေဆိုတဲ့တာက မေးခွန်းနှစ်ခုမေးခဲ့ပေမယ့် အဖြေတစ်ခုကိုသာ ဖြေဆိုခဲ့တာကတော့ ပွဲကျင်းပတဲ့ အဖွဲ့အသည်းဘက်မှ မေးခွန်းဖြေဆိုချိန် စက္ကန့်သုံးဆယ်သာ သတ်မှတ်ပေးထားသောကြောင့် သတ်မှတ်ထားတဲ့အချိန်အတွင်း အကောင်းဆုံး အဖြေတစ်ခုကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ ညီမဝတ်ဆင်တဲ့ အရောင်နဲ့ သရဖူအရောင် တူညီနေတာက တိုက်ဆိုင်မှု တစ်ခုပဲဖြစ်ပါတယ်။ ဒီဇိုင်နာ ပေးတဲ့ အရောင်ကိုသာ ဝတ်ဆင်ခဲ့တာပါ။ ကြိုတင်စီစဉ်ထားတာမျိုး လုံးဝမဟုတ်ပါဘူး။

No comments:

Post a Comment