Wednesday, September 3, 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်တွင် ဆန္ဒပြ၊ ဌာနနှစ်ခုရှေ့တွင် အချေအတင်ဖြစ်ပွား

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် နှစ်ဆယ်ကျော်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်အတွင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အပါအဝင် ကျောင်းသား သမဂ္ဂလေးခု ပူးပေါင်းကာ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှ ၂ နာရီခန့်အထိ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြရာ ရူပဗေဒဌာနနှင့် သင်္ချာဌာန အဆောင်များရှေ့ အရောက်တွင် တံခါးပိတ်ထားသော ယင်းအဆောင်များ အတွင်းမှ ကျောင်းသားများ လာရောက် ပူးပေါင်းရန် ဟောပြောခဲ့ရာမှ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများ အချေအတင် ဖြစ်ခဲ့ပြီး လူစုလူဝေး ဖြစ်ပွားခဲ့သည်။

ရူပဗေဒဌာန အဆောင်ရှေ့ အရောက်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်ကြောင်း ဟောပြောနေစဉ် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ရူပဗေဒဌာန အဆောင်တွင်းမှ ကျောင်းသားများ လာရောက် ပူးပေါင်းကြရန် ပြောဆိုရာမှ ရူပဗေဒဌာန တာဝန်ရှိ ဆရာ၊ ဆရာမများက Pretest နှင့် လက်တွေ့သင်ခန်းစာများ ရှိသည့်အတွက် မဟောပြောရန် ပြောကြားရာမှ ကျောင်းသားများ စုရုံးလာပြီး အချေအတင် ဖြစ်ကြခြင်း ဖြစ်သည်။
“စာသင်ပျက်ခံလို့ မရဘူး။ စာမေးပွဲလည်း နီးနေပြီ။ သင်ကြားရေး ရှိနေတာ။ Lecture တွေရှိနေတာ။ ဒီအချိန်က ထမင်းစားချိန် ပြန်တက်တာ။ တံခါးပိတ်ထားတယ်လို့ သူတို့ပြောတာ မဟုတ်ပါဘူး။ ဒီမှာဖွင့်ထားတာပဲ။ ဝင်တုန်းထွက်တုန်း ရုတ်ရုတ်ဖြစ်မှာမို့ စေ့ထားတာပါပဲ” ဟု ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်က The Voice သို့ ပြောကြားသည်။
ရူပဗေဒဌာနတွင် တာဝန်ကျ ဆရာများနှင့် ကျောင်းသားများ အချေအတင် ဖြစ်ပြီးနောက် သိပ္ပံလမ်းအတိုင်း ဆက်လက် လမ်းလျှောက်ဆန္ဒပြရာ သင်္ချာဌာနရှေ့ အရောက်တွင် အဆိုပါဌာနမှာ တံခါးပိတ် ထားသောကြောင့် ကျောင်းသားများက ကျောင်းဆောင်ဝရန်တာဘက် ထွက်ကာ ဆန္ဒပြမှုကို ကြည့်ရှုစဉ် “တံခါးတွေ ဖွင့်ပေးပါ။ ကျောင်းသားတွေပါ ထောင်သားတွေ မဟုတ်ပါဘူး” ဟု ဆန္ဒပြ ကျောင်းသားတစ်ယောက်က ဟစ်အော် တောင်းဆိုခဲ့ရာ ကျောင်းသား အများစုကလည်း တံခါးဖွင့်ပေးရန် တာဝန်ကျဆရာ၊ ဆရာမများထံ တောင်းဆိုရာမှ ထပ်မံလူစုလူဝေး ဖြစ်ပွားခြင်းဖြစ်ပြီး နောက်ဆုံးတွင် တံခါးဖွင့်ပေးခဲ့ရခြင်း ဖြစ်သည်။
လုံခြံရေး အခြေအနေကြောင့် တံခါးပိတ်ထားရခြင်း ဖြစ်ပြီး ကျူတိုရီရယ် ဖြေဆိုနေသောကြောင့်လည်း ပါဝင်ကြောင်း သင်္ချာဌာန တာဝန်ကျ ဆရာမတစ်ဦးကလည်း The Voice သို့ ပြောကြားသည်။
ကျောင်းသားများ ကျူတိုရီယယ် ဖြေဆိုနေသောကြောင့် တံခါးပိတ်ထားသည်ဟု တာဝန်ကျ သင်္ချာဌာနဆရာ၊ ဆရာမများက ပြောကြားသော်လည်း ကျူတိုရီယယ် ဖြေဆိုသည်မှာ မိနစ် ၂၀ ခန့်သာကြာပြီး နေ့လယ် ၁၂ နာရီမထိုးမီ ပြီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအချိန်မှာ နေ့လယ် ၁ နာရီခွဲခန့် ရှိနေပြီ ဖြစ်သော်လည်း ပိတ်ထားဆဲ ဖြစ်ကြောင်း သင်္ချာဌာန အဆောင်တွင်းမှ ကျောင်းသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“ပညာရေးစနစ်ကို ထိန်းချုပ်ထားတာက ပညာရေးဥပဒေ။ ဟုတ်ပြီ ပညာရေး ဥပဒေကောင်းအောင် ပညာရေး ဥပဒေပြုပြင်ဖို့ ဆန္ဒပြခြင်း ဖြစ်တယ်။ ခင်ဗျားတို့ ပူးပေါင်း ပါဝင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်တို့ တက္ကသိုလ်မှာ လူပေါင်းသောင်းဂဏန်း ရှိတာ။ ပြနေတဲ့သူက တစ်ရာတောင် မပြည့်တပြည့်။ သင်္ချာမေဂျာက ကျောင်းသား၊ ကျောင်းသူတွေ ပညာရေးစနစ် ကောင်းမွန်စေချင်တယ်ဆိုတာ ယုံကြည်တယ်” ဟု သင်္ချာ ဌာနရှေ့တွင် ကျောင်းသားတစ်ဦးက စည်းရုံးပြောဆိုခဲ့သည်။
အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ကိုင်း နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်များမှ ကျောင်းသားများ၊ ထားဝယ် တက္ကသိုလ်များမှ ကျောင်းသားများလည်း ယနေ့ ပြုလုပ်ခဲ့ကြောင်း ကျောင်းသား အဖွဲ့အစည်းများထံမှ သိရသည်။
“အမှန်ပြောရမယ် ဆိုရင်တော့ တက္ကသိုလ်ဆိုရင် အေးချမ်းစွာပညာ သင်ကြားရေးဆိုတာ ရှိပါတယ်။ကျောင်း စည်းကမ်းနဲ့ ငြိစွန်းတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒါနဲ့ အရေးမယူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သားတွေသမီးတွေပဲလေ။ အေးအေးချမ်းချမ်း ဖြစ်ချင်တာလေ” ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက The Voice သို့ ပြောကြားသည်။
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများ ဦးဆောင်ကာ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားများလည်း ပါဝင်ဆန္ဒပြခဲ့ကြပြီး ချယ်ရီလမ်းရှိ နားနေဆောင်မှ တော်ဝင်လမ်း၊ သိပ္ပံလမ်းနှင့် ပုန်းညက်လမ်းများအတိုင်း ချီတက်ကာ ဒဂုံတက္ကသိုလ် အဝိုင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဇူလိုင်လကုန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေကြမ်းသည် ပညာရေးဆိုင်ရာ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များနှင့် ပါမောက္ခများ ပူးပေါင်းရေးဆွဲထားပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများ အနေနှင့် ဆန္ဒပြ ကန့်ကွက်ရန် မလုပ်သင့်သော်လည်း လုပ်မည်ဆိုပါက ဟစ်တိုင်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဒေါက်တာလှဌေးက ဆိုသည်။
“ခုဆိုရင် ကျွန်တော် ဝင်ပူးပေါင်းတာပဲ။ ပြောရမယ်ဆိုရင် ကျောင်းသားတွေနဲ့ ဆန္ဒပြတာ ဝင်ပူးပေါင်းတဲ့သဘောပဲ။ ဘာကြောင့်လဲဆိုရင် ကျောင်းသားတွေ အနာတရ ဖြစ်မှာစိုးလို့၊ တစ်ခုနဲ့တစ်ခု ပဋိပက္ခ ဖြစ်မှာစိုးလို့ ဝင်ပူးပေါင်းတဲ့ သဘောပဲ” ဟု ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ ဆရာဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်ယာယီ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ၎င်းပူးပေါင်း ပါဝင်ရသည့် အကြောင်းကို ဆိုသည်။
အဆိုပါ ဆန္ဒပြရာတွင် အမျိုးသားပညာရေး ဆွေးနွေးပွဲ ကျင်းပပေး၊ စစ်မှန်သော ပညာရေး ပြုပြင်ပြောင်းလဲမှုကို လိုလားသည်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အားလုံး ပါဝင်ခွင့်ရှိသည်။ အစိုးရ၊ လွှတ်တော်နှင့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ တွေ့ဆုံညှိနှိုင်းရေး အားလုံးအကျုံးဝင် ပညာရေးစနစ် အကောင်အထည်ဖော်ရေး စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြပြီး အမျိုးသားပညာရေး ကော်မရှင်၊ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အလိုမရှိ ဆိုသည်ကိုမူ ကြွေးကြော်ကာ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “ဒီဥပဒေကို အတည်ပြု ဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည် အနာဂတ်တကယ်ကို ရင်လေးရမှာပါ” ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က ဆိုသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းတွင် အခန်း ၁၄ ခန်းနှင့် ပုဒ်မပေါင်း ၆၉ ခုထိရှိပြီး အခန်း ၄ ပါ အမျိုးသားပညာရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အခန်း ၁၁ ပါ ပညာရေး စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှု၊ အခန်း ၁၂ ဘဏ္ဍာရေးစသည့် ဥပဒေကြမ်းပါ ပုဒ်မများသည် ဗဟိုချုပ်ကိုင်မှု ဆက်လက်ထားရှိနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာများ အဖွဲ့ချုပ် (ယာယီ) နှင့် ဆန္ဒပြ ကျောင်းသားများက ဆိုသည်။
ဒဂုံတက္ကသိုလ် ကျောင်းဝင်းသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်း ၁၆၉ ကျောင်းရှိသည့်အနက် အကျယ်ဝန်းဆုံးဖြစ်ပြီး ဆန္ဒပြသည့်နေ့တွင် လုံခြုံရေးကို ဆရာ၊ ဆရာမများ၊ ကျောင်းလုံခြုံရေးများ ပူးပေါင်းကာ အထူးတင်းကျပ်ထားသည်ဆိုကာ ကျောင်းဝင်းအတွင်း တင်းကျပ်မှု ကွပ်ကဲမှုများ ရှိနေကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဆရာ၊ ဆရာမများကမူ အေးချမ်းစွာ ပညာသင်ကြားရေး မထိခိုက်စေရန် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာလှဌေးက ပြောကြားသည်။
thevoicemyanmar

No comments:

Post a Comment