Thursday, September 4, 2014

တာဝန်ရှိချိန်၌သာ သမိုင်းစာမျက်နှာကောင်းရေးနိုင်၏

ဒီမိုကရေစီခေတ်သို့ရည်မှန်းကာ အာဏာသိမ်းသည်ဆိုခဲ့သော စစ်အစိုးရလက်ထက်၌ ဈေးကွက် စီးပွားရေးစနစ်ပုံရိပ်ဖြင့် ပုဂ္ဂလိကဆေးရုံဆေးခန်းတို့ တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်ခြင်းကို အားသာချက် အဖြစ် ရှုမြင်ခဲ့ပုံရသည်။
ပြည်သူ့ဆေးရုံများမှာ နွမ်းပါးသူတွေသာတက်ရောက်ကုသသော လူမွဲတို့ဆေးရုံအဖြစ် တန်ရာတန်ရာ ဟူ၍ သဘောထားလေသည့်အလား၊ သန့်ရှင်းမှုကင်း မဲ့သော၊   ဆေးပစ္စည်းမစုံလင်သော အရောင်အဆင်း မှေးမှိန်သည့် ဆေးရုံတွေအဖြစ် ဆယ်စုနှစ်နှစ်စုအတွင်း တစ်ဟုန်ထိုးတိုးဆင်းလာခဲ့သည်။ ပြည်သူလူထု၏ အားကိုးအားထား ရာ ပြည်သူ့ဆေးရုံတွေမှာ ပိုက်ဆံခန်းဟူသောဝေါဟာရ၊ စရိတ်မျှပေးဟူသောဝေါဟာရ တို့က တုံးလုံးစာမပြောနှင့်မတ်တတ်စာပင် အနိုင်နိုင်ဘဝတွေကို သောက ပိုစေ ခဲ့ခြင်းမှာ တာဝန်ရှိသူများ သတိမပြုမိခဲ့သည်အလား ဖွတ်မွဲပြာစုအသွင်နှင့် ပြည်သူ့ဆေးရုံတွေဟာ ပြည်သူတွေအားထားချင်လောက် စရာမရှိသည့်အခြေ သို့ ရောက် ခဲ့ခြင်းဖြစ်မည်။

ထိုသတိမပြုခြင်းခေတ်ကိုတော့ဖြင့် လွန်မြောက်ခဲ့ပြီဟုယူဆပါ၏။ ”တစ်ရက်ပဲ ကောင်းကောင်း၊ နှစ်ရက်ပဲကောင်းကောင်း လိုအပ်တာကောင်းဖို့ပါပဲ” ဆိုသောစကား ကို ဆေးရုံကြီးလှေခါးအတက်မှာ ကြားလိုက်ရသည်။ လူနာအတွက် နေကောင်းစေလို၍ဆိုသော စကားလား။ ယနေ့ကာလ ဆေးရုံကြီးမှာ အစစအရာရာကောင်းမွန် တိုးတက်လာအောင် ဆောင်ရွက်နေမှုကိုရည်ညွှန်း ဆိုလေသလား။ ဖြတ်သွား ဖြတ်လာကြားလိုက်ရသောစကား၏ ဆိုလိုရင်းကိုမသိပေမယ့် အဆိုစကားမှာ အနက် အဓိပ္ပာယ်ဘယ်နှခွပင် ထွက်နေနေ သဘောကျနှစ်သက်စရာချည်းမို့ ကြည်ကြည်နူးနူးရှိမိရသည်မှာ သေချာသည်။
ဆေးရုံဆိုသည်က ပျော်၍လာကြသည့်နေရာမဟုတ်။ ပျော်စရာမဟုတ်သောဆေးရုံမှာ နိစ္စဓူဝ စည်ကားနေခြင်းသည်လည်း ကောင်းသည့်လက္ခဏာ မဟုတ်။ မကောင်း သည့်ကြား မဖြစ်မနေသွားကြလာကြ ရသည့် အားလုံးသောသူများမှာ ကိုယ့်အပူနှင့်ကိုယ်၊ကိုယ့်သောကနှင့်ကိုယ် ရှိနေကြမည်။ အပူအပင်နှင့် လာကြကုန်သောလူတွေကို ထပ်ဆင့်အပူပေးခဲ့ကြမှုက ကြီးမြင့်လှသော ဆေးကုသမှုစရိတ်စကဖြစ်ကာ ဆေးရုံဝန်ထမ်းတို့မှာလည်း ထိုအပူသောကရှိသူတွေထံမှ ငွေကြေးယူငင်ကြရခြင်းကို သံပူသံခဲယူငင်စား သောက်ရသလို ရှိခဲ့ကြလိမ့်မည်။
ဤရက်ပိုင်းအတွင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည့် ”ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသော လူနာများ၏ စိုက်ထုတ် ကုန်ကျငွေကျ ဆင်းစေရန်အတွက် အခမဲ့ဆောင်ရွက်ပေးမှုများ သတင်း” အပါအဝင် ပြည်သူ့ဆေးရုံတွေမှာ ကောင်းသတင်းတွေကြားလာရပြီး အဆိုပါကောင်းသတင်း တွေ အနက်      ဆေးရုံသန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ကောက်ရသည့် သိန်းချီသောငွေကို ပြန်လည်ပေးအပ်မှု သတင်းလေးကလည်း ဆေးရုံများဂုဏ်အင်ကို မြင့်တက်စေဖို့ရာ အထောက်အပံ့ကောင်းဖြစ်လာသည်။  လေးစားဖွယ်ဂုဏ်အင်များအတွက် ပြည်သူကလည်းကျေနပ်ပါလိမ့်မည်။
ပြည်သူ့ဆေးရုံများသည် ပြည်သူလူထုအတွက် အားကိုးအားထားရာဖြစ်ပါမှ ပြည်သူတို့ကြုံကြရသည့် လူမှုဒုက္ခတွေလျှော့ချနိုင်မှာ ဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့်အတူ လူမှုဒုက္ခတွေလျှော့ချနိုင်ဖို့ နိုင်ငံသားတိုင်း နိုင်သမျှဝန်ကို ရှိသမျှအားနှင့် ဝိုင်းကူနိုင်ကြကြောင်းကို ယခုရက်ပိုင်း ပြည်သူ့ဆေးရုံများ ကောင်းသတင်းနှင့် အတူကြားရသည်က ရင်သွေးမွေးဖွားပြီးစ သွေးနုသားနုဇနီးသည်အတွက် ပြင်ပမှဆေးဝယ်ယူရန် ငွေကြေး မတတ်နိုင်သည့်အဆုံး ကြံမိကြံရာဖြင့် သူတစ်ပါးပိုက်ဆံအိတ်ကို လုယူမိကာ
လမ်းမှားသို့ရောက်သွား တော့မည့် လူငယ်တစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့သူ ပြည်သူတွေကပင် မေတ္တာပေးပြီး လမ်းမှန်ကိုရောက် စေခဲ့သည့်သတင်းကလည်း ရင်ထဲတ လှိုက်လှိုက်ကြည်နူးစရာရှိရသည်ကတော့ အမှန်ဖြစ်ပါ၏။
သို့သော် ပြည်သူ့ဆေးရုံမှာ မရှိသည့်ဆေးကို ပြင်ပမှဝယ်ယူနေရမှုအတွက် ယင်းသို့ ငွေကြေးမတတ် နိုင်သူတွေဘဝထဲ မဖြစ်သင့်သည့်ကိစ္စပေါ်ခဲ့သော ဖြစ်စဉ်ဖြစ် ရပ်တွေ အဘယ်မျှရှိခဲ့လေမည်နည်းဟု တော့စာနာတွေးဆနိုင်ကြပါလိမ့်မည်။ မည်သို့ဆိုစေ ဆေးရုံမှာဆေးရှိဖို့ကို တတ်နိုင်သူစေတနာရှင်တွေ က ဝိုင်းကူနိုင်ဖို့ မျှော်လင့် ပါသည်။ အပူပွားရာနေရာဟု မဆိုသာတော့သည့် ပြည်သူ့ဆေးရုံတွေမှာ ပြည်သူ လူထုတို့ စိတ်အေးသက်သာစွာ ဆေးကုသမှုခံယူနိုင်ရေးအ တွက် ဆေးရုံအုပ်ကြီးများက လည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ၄င်းတို့တာဝန်ယူချိန် သမိုင်းစာမျက်နှာကောင်း ရေးခဲ့နိုင်ကောင်း၏ဟု ထပ်လောင်း မျှော်လင့်မိပြန်သည်။
အထက်ကသာ အရာရာအုပ်စီးထားသောအခါသမယ မဟုတ်တော့လျှင် လုပ်ပိုင်ခွင့်ရှိသူ တာဝန်ရှိ သူများ တာဝန်သိမှုအတိုင်းအတာအရ စွမ်းဆောင်ကြမည်မှာ သေချာ ၏။ ဤစာရေးသားနေချိန်အတွင်းမှာပင် တွံတေးမြို့နယ်က ပရဟိတအသင်းတစ်သင်းမှလူငယ်တစ်ဦးက ၄င်းတို့အသင်းအနေဖြင့် လူနာများကို ဆေးရုံသို့ ကူညီပို့ဆောင် သည့်အခါတိုင်း ဆင်းရဲနွမ်းပါးသူ လူနာများကျန်းမာရေးကုန်ကျစရိတ်ကို ဆေးရုံအုပ်ကြီး သို့မဟုတ် ဒုတိယဆေးရုံအုပ်အစရှိသည့် ဆေးရုံတာဝန်ရှိအကြီးအကဲ ဆရာဝန်ြ ကီးများထံ ဝင်ရောက် တွေ့ဆုံအသိပေးပြောကြားနိုင်ပြီး ရန်ကုန်ဆေးရုံကြီးနှင့် မြောက်ဥက္ကလာဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ အစရှိသည့် ပြည်သူ့ဆေးရုံကြီးများမှ အကြီး အကဲများကိုယ်တိုင်ကလည်း အဆိုပါနွမ်းပါးလူနာများ ကျန်းမာရေးစရိတ်စက သက်သာရာရကြောင်းကို အားတက်သရော ကူညီပေးကြောင်း သတင်းပေးစကား ဆိုကာ ထိုသို့သောအပြောင်းအလဲကောင်းမရပ်တန့်သွားစေဖို့ မီဒီယာကလည်းအသိအမှတ်ပြုရေးသားပေး ဖို့ မေတ္တာရပ်ခံလာပါသည်။
ကျေးဇူးတင်ပါသည်။ ဈေးကွက်စီးပွားရေး အကြောင်းပြကာ အသပြာဆေးရုံတွေ ထကြွနေခြင်းကို မသိကျိုးကျွန်ပြုခဲ့ရာက ငွေမရှိလျှင် သေကြဖို့သာပြင် ရမည့်အဖြစ်တွေ ကနေ ပြည်သူလူထုလွတ်မြောက်ဖို့ရာကျန်းမာရေးအလင်းရောင်ခြည်ပေါ်ထွန်းလာပြီဟုသာ ညွှန်းဆိုအသိအမှတ် ပြုပေးလိုက်ပါမည်ခင်ဗျာ။
အယ်ဒီတာ
popularmyanmar.com

No comments:

Post a Comment