Friday, September 26, 2014

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးသည့်ဖြစ်စဉ် ၆၀၀ ကျော် ရှိသည့်အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိ

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးခဲ့သည့် ဖြစ်စဉ် ၆၀၀ ကျော်ရှိသည့် အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်မှုစစ်ဌာနမှ စက်တင်ဘာ ၂၄ ရက်တွင် စုံစမ်းသိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ တိုက်ပြေးမှုပေါင်း ၆၆၆ မှုဖြစ်ပွားခဲ့ပြီး ယင်းအနက်မှ ၂၈၀ မှုမှ ကျူးလွန်သူယာဉ်မောင်းများကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရန်ကျန်နေသည့် အမှုပေါင်း ၃၈၆ မှုရှိနေပြီး သိပြေး ၁၆၉ မှုနှင့် မသိပြေး ၂၁၇ မှုတို့ရှိကြောင်း စုံစမ်းသိရှိရသည်။

“သိပြေးအမှုတွေထဲမှာ ကားနံပါတ်သိပြီးတော့ ကားနံပါတ်မှန်တဲ့ ဖြစ်စဉ်တွေ၊ ကားထားပြီး ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တွေထဲက ၈၅ ရာခိုင်နှုန်းကို ဖော်ထုတ်ပြီး သွားပါပြီ။ မသိပြေးအမှုထဲမှာတော့ ကားနံပါတ် လုံးဝမသိလိုက်တာ၊ မျက်မြင် သက်သေတွေ မရှိတာ၊ နေရာနဲ့ ဖြစ်တဲ့အချိန်တွေပေါ်မှာ မူတည်ပြီးတော့ ဖြစ်ခဲ့တဲ့အမှုတွေထဲက ၄၈ ရာခိုင်နှုန်းကိုပဲ ဖော်ထုတ်နိုင်သေးပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။
အဓိက ကတော့ ပြည်သူတွေအနေနဲ့ အလုပ်ရှုပ်မှာစိုးလို့၊ တရားရုံးလိုက်ရမှာစိုးလို့ သတင်းမပေးတာတွေ မလုပ်ဘဲ၊ တိုးတိုးတိတ်တိတ်ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင် လာပြီးပြောတာပဲဖြစ်ဖြစ် သတင်းပေးစေချင်ပါတယ်။ အရှေ့က ကားတစ်စီးက ယာဉ်တိုက်မှုဖြစ်ပွားပြီ ဆိုရင် နောက်ကပါတဲ့ ကားတစ်စီးက သိမှာပဲ။ ဒါကြောင့် နောက်ကားမှ ယာဉ်မောင်းနဲ့ ပါလာတဲ့သူတွေက တာဝန်သိပြည်သူတစ်ယောက် အနေနဲ့ သတင်းပေးစေချင်ပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ်မှုစစ်ဌာနမှ တာဝန်ရှိသူ ဒုရဲမှူး ၀င်းမြင့်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် မေလမှ သြဂုတ်လကုန်အထိ ပြည်တွင်း၌ ယာဉ်တိုက်မှု ၄၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၁၁၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၇၀၄၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၁၇၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment