Thursday, September 11, 2014

မြန်မာ့လုံခြုံရေးကို အထောက်အကူ မပေးရန် အမေရိကန် အောက်လွှတ်တော် ကြိုးပမ်းမှု မစိုးရိမ်ဟု သမ္မတရုံး တုံ့ပြန်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အရာမထင်ဟုဆိုကာ မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုံခြုံရေးဆိုင်ရာ အကူအညီများ ကန့်သတ်ပိတ်ပင်ရန် အမေရိကန် အောက်လွှတ်တော်က ကြိုးပမ်းနေမှုကို မစိုးရိမ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောဆိုသည်။

အမေရိကန် အောက်လွှတ်တော်မှ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Mr. Steve Chabot နှင့် ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ်တစ်ဦးပင် ဖြစ်သူ Mr. Joe Crowley တို့က ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက် ဥပဒေမူကြမ်းကို စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံခြားရေး ဆပ်ကော်မတီတွင် ဆွေးနွေး၍ ယင်းသို့ ကန့်သတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

Mr. Chabot မှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီမှ ဖြစ်ပြီး Mr. Cowley မှာလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘော အားနည်းသူ ဖြစ်ကြောင်း၊ အခြားအကြောင်း တစ်ရပ်မှာ အမေရိကန်
လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရန် နီးကပ်လာချိန်၊ အီရတ်နိုင်ငံရှိ အစ္စလာမ်မစ်အကြမ်းဖက် ISIS များ ခေါင်းထောင်လာသဖြင့် အိုဘားမားအစိုးရကို ပြစ်တင်ဝေဖန် နေကြချိန်တွင် သမ္မတအိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မြင်သာသော အောင်မြင်မှု တစ်ခုဟု သတ်မှတ်နိုင်သည့် မြန်မာ့အပြောင်းအလဲကို ထိုးနှက်ရန် ရီပတ်ဘလစ်ကန်များက ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း အဆိုပါ အရာရှိက ရှင်းလင်း ပြောဆိုသည်။

“မြန်မာဟာ အယ်ကိုင်းဒါအဖွဲ့က ဂျီဟတ် ပစ်မှတ်အဖြစ် ကြေညာခံထားရတဲ့ နိုင်ငံပါ။ ဒီလိုအချိန်မျိုးမှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး အလေးပေး ဆောင်ရွက်နေပါတယ် ဆိုတဲ့ အမေရိကန်လို နိုင်ငံကြီးက အောက်လွှတ်တော် အမတ်တွေရဲ့ ရပ်တည်ချက်က အံ့သြစိတ်ပျက်စရာပါ” ဟု သမ္မတရုံး အကြီးတန်းအရာရှိက ဆိုသည်။

အမေရိကန်ပြည်ထောင်စုက ယင်းသို့ ကန့်သတ်ပိတ်ပင်ခဲ့လျှင်ပင် မြန်မာ့လုံခြုံရေးအတွက် တပ်မတော်နှင့် အခြား လုံခြုံရေးတပ်ဖွဲ့များ ရှိသလို နိုင်ငံတကာ မိတ်ဆွေစစ်များလည်း ရှိသေးကြောင်း၊ ရှိထားပြီး အရင်းအမြစ်များဖြင့် ကြိုတင်ထောက်လှမ်းမှု၊ တားဆီး ခုခံကာကွယ်မှု အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအတွက် စိုးရိမ်ပူပန်နေမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“အစွန်းရောက်တွေရဲ့ ဂျီဟတ် ကြေညာခံထားရတဲ့ နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်တာ အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး မူဝါဒ၊ မဟာဗျူဟာလား မေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်အစိုးရက မြန်မာနှင့် ဆက်ဆံရာတွင် ပိုမိုလိုက်လျောရန် ၂၀၁၃ ခုနှစ်အတွင်း ဆုံးဖြတ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ရိုက်ဆက်ဆံမှု စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၁၅ ဘဏ္ဍာရေး အသုံးစရိတ်၌ နိုင်ငံရပ်ခြား စစ်ဘက်ပညာ သင်တန်းအတွက် ထည့်သွင်းထားကြောင်း၊ အမေရိကန်အစိုးရက ယင်းသို့ လိုက်လျောခဲ့သော်လည်း မြန်မာနိုင်ငံမှာ ပြောင်းလဲလာသည့် လက္ခဏာရပ်များ မတွေ့ရကြောင်း Mr. Chabot က အမေရိကန်အစိုးရပိုင် ဗွီအိုအေ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အောက်လွှတ်တော်၌ တင်သွင်းမည့် ဥပဒေကြမ်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားမှု ပယ်ဖျက်ရေး၊ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု ရပ်ဆိုင်းရေးတို့ ပါဝင်ပြီး အမေရိကန်အစိုးရ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာစစ်တပ်ကို အကူအညီ ဆက်မပေးရန် ထည့်သွင်း ရေးသားထားသည်။

သို့သော် မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှာ စစ်ရေးဆက်ဆံမှု လုံးဝမရှိကြောင်း၊ သံတမန် ဆက်ဆံရေးသာ ရှိကြောင်း မြန်မာအစိုးရက တရားဝင် ပြောဆိုထားပြီး ဖြစ်သည်။

အမေရိကန် အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် အမတ်များ၏ စိုးမိုးမှု အားသာပြီး အဆိုပါ ဥပဒေကြမ်း အတည်ပြုခဲ့ပါက သမ္မတအိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒနှင့် တပ်မတော်ချင်း ဆက်ဆံရေးကို ကန့်သတ်တားဆီးမှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။

The Voice Weekly

Credit to နေ့စဉ်သတင်း

No comments:

Post a Comment