Thursday, September 4, 2014

ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ လိုက်နာရမည့် စည်းမျဉ်းမူကြမ်း ရေးဆွဲ


ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ လိုက်နာရမည့် စည်းမျဉ်း မူကြမ်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)မှ ဦးဆောင် ရေးဆွဲခဲ့ရာ မူကြမ်း ရေးဆွဲ ပြီးစီးဖြစ်၍ မကြာမီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်မှ သိရသည်။ လက်ရှိ ထိုင်းမှာ ပြဿနာ ဖြစ်ပွားတာ အရမ်းများတဲ့ အတွက် ထိုင်းနိုင်ငံကို ပို့တဲ့ အေဂျင်စီ လိုက်နာရမယ့် စည်းမျဉ်းတွေကိုပဲ အရင်ဆုံး ရေးဆွဲထားတာပါ ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။ အဆိုပါ စည်းမျဉ်းမူကြမ်း တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် ရွှေ့ ပြောင်း အလုပ်သမားများ လိုက်နာရမည့် အချက်များ၊ အေဂျင်စီများ လုပ်ဆောင်ရမည့် အချက်များ၊ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပါက အလုပ်သမားများ၏ လုံခြုံမှု၊ အလုပ်သမား များသည် ထိုင်းနိုင်ငံ၏ ဥပဒေအောက်တွင် အပြည့်အ၀ နေထိုင်ခွင့် ရမရ အစရှိသည်တို့ ပါဝင်ပြီး မူကြမ်း ထုတ်ပြန်ပြီး အေဂျင်စီများ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ထိန်းမတ်သွားမည့် ကော်မတီတစ်ရပ် ကိုပါ ဖွဲ့စည်းထား ရှိကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။


       အေဂျင်စီတွေ လိုက်နာရမယ့် ဥပဒေက ရှိပေမယ့် ၁၉၉၀ ပြည့်နှစ်က ဥပဒေဖြစ်တဲ့ အတွက် ခေတ်နဲ့ လျော်ညီမှု မရှိတော့ပါဘူး၊အဲဒီ ဥပဒေကိုအသစ် ပြန်လည် ရေးဆွဲဖို့လည်း အစိုးရက ဆောင်ရွက်နေပါတယ်။ ပြီးတော့ ဒီအေဂျင်စီ စည်းမျဉ်း ဥပဒေက အစိုးရနဲ့ မဆိုင်ပါဘူး။ အသင်းချုပ်က ဦးစီးပြီး အေဂျင်စီတွေကို ထိန်းမတ်ရတာပါ ဟု အဆိုပါ မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်မှ ဒေါ်ပိုပိုက ပြောသည်။

       ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် လူကုန်ကူး မှုများ ခံနေရခြင်း၊ ထိုင်းဥပဒေ အတိုင်း အကျိုးအမြတ် အပြည့်အ၀ ခံစားရမှု မရှိခြင်း၊ လစာ အပြည့်အ၀ မရရှိခြင်း၊ အေဂျင်စီများမှ တစ်ဆင့် သွားရောက် လုပ်ကိုင်ရာတွင် စာချုပ်ပါ အတိုင်း မဖြစ်ခြင်း အစရှိသည်တို့ ကြုံတွေ့ နေကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ ကိစ္စများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ အနေဖြင့်   ဦးဆောင် ဖြေရှင်းခဲ့သည့် လူဦးရေ (၁၂၀၀) ကျော် ရှိပြီး ထိုင်းနိုင်ငံ လူကုန်ကူးမှု ကယ်ဆယ်ရေး ဒုက္ခသည် စခန်းတွင် လူဦးရေ (၅၀၀) ခန့် ရှိကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

                ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေမှာ  (၁ ဒသမ ၇) သန်းနီးပါးရှိပြီး တရားဝင် သွားလာခဲ့သည့် လူဦးရေသည် တစ်သိန်း နီးပါးသာရှိကာ လူကုန်ကူးမှု ဖြစ်ပွားခြင်း၊ လုပ်ခလစာ အပြည့်အ၀ မရရှိခြင်း တို့သည် တရားမ၀င် သွားလာသည့် ရွှေ့ပြောင်း အလုပ်သမားများသာ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ လုပ်ကိုင်သူများက ပြောသည်။
Messenger News Journal

No comments:

Post a Comment