Thursday, September 18, 2014

Master Sport ဖိနပ်စက်ရုံ ရုန်းရင်းဆန်ခတ်မှု ဒုရဲမှူး အပါအဝင် ရဲကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရ

Photo: Master Sport ဖိနပ်စက်ရုံ ရုန်းရင်းဆန်ခတ်မှု ဒုရဲမှူး အပါအဝင် ရဲကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၇

လုပ်သားများကို လုပ်ခမပေးဘဲ ထွက်ပြေးသွားသည့် တောင်ကိုရီးယား အလုပ်ရှင်ပိုင် Master Sport ဖိနပ်စက်ရုံတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လအတွက် လုပ်အားခ မပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်သိမ်းခဲ့ပြီး ဇွန်လ လုပ်ခအပါဝင် နစ်နာကြေးများပေးရန် ကြန့်ကြာနေ၍ အလုပ်သမားများက စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါ စက်ရုံအတွင်းသို့ ကျူးကျော် ဝင်လာသည်ဟုဆို၍ လာရောက် ဖြေရှင်းခဲ့ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

လာရောက်ဖြေရှင်းသည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဦးစီးမှူး ရုံးက တာဝန်ရှိသူများကို အလုပ်သမားများက ပိတ်ဆို့ထားရာမှ စတင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ချုပ်ရုံး၊ ခေတ္တကွပ်ကဲရေးမှူး ရဲမှူးကြီး ချစ်ဦးက ပြောကြားသည်။

စက်ရုံသို့ ကျူးကျော် ဝင်ရောက်နေသည့် အလုပ်သမားများကိစ္စကို အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းတို့က စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်ဖြေရှင်းစဉ် အလုပ်သမားများက ၎င်းတို့ကို အပြင်သို့ ပြန်ထွက်ခွင့် မပေးကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။ 

Master Sport စက်ရုံတွင် အလုပ်ရှင် ထွက်ပြေးသွားသဖြင့် အလုပ်သမားများ ရရှိမည့် လုပ်အားခနှင့် နစ်နာကြေးများကို ပြန်ပေးရန် စက်ရုံရှိ ပစ္စည်းများကို လေလံတင်ကာ ရရှိသည့် ငွေကြေးကို အလုပ်သမားကို ပြန်ပေးရန်အတွက် အစိုးရက လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား ၂၀၀ ခန့်သည် စက်ရုံ အပြင်ဘက်ရှိ တံခါးများကိုပါ ပိတ်ဆို့ထားသဖြင့် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူများက ပိတ်ဆို့ခံထားရသည့် ဦးဝင်းရှိန်နှင့် ဦးကျော်ကျော်ထွန်းတို့ကို ပြန်လွှတ်ပေးရန် အသံချဲ့စက်ဖြင့် သတိပေးခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားများမှာ လိုက်နာခြင်း မရှိကြောင်း ရဲမှူးကြီး ချစ်ဦးက ပြောကြားသည်။

ည ၁၀ နာရီကျော်တွင် တံခါးများကို ချိုးဖျက်ကာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် အလုပ်သမားများက ပုလင်းများ၊ သစ်သားတုတ်များ၊ စတီးထမင်းချိုင့်များဖြင့် ပစ်ပေါက်သဖြင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ပြန်လည်ပြီး တိုက်ခိုက်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ အလုပ်သမားတွေကတော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ သူတို့ပစ်တဲ့ ပုလင်းကွဲတွေ မတော်တဆ ထိမိတာ ဖြစ်မှာပါ” ဟု ရဲမှူးကြီး ချစ်ဦးက ပြောဆိုသည်။

ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး အလုပ်သမား နှစ်ဦးကိုလည်း ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ပြီး ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အလုပ်သမားများကို အရေးယူရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဦးဝင်းရှိန်ကမူ ၎င်းကို အလုပ်သမားများက အပြင်ထွက်ခွင့် မပေးသော်လည်း တစ်စုံတစ်ရာ အန္တရာယ်ပြုခြင်း မရှိဘဲ စောင်နှင့် ခေါင်းအုံး လာပို့သူများလည်း ရှိကြောင်း၊ အလုပ်သမားများက အဆိုပါ စက်ရုံရှိ ပစ္စည်းများကို ယခုလကုန်တွင် လေလံ အပြီးသတ် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း ရှင်းပြသည်။

သို့သော် လေလံတင်ခြင်း ကြန့်ကြာနေပြီး အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲ ကြုံလာသဖြင့် ယင်းသို့ ပြဿနာများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လုပ်သားကိုယ်စားလှယ် ဒေါ်မိုးဝေက ဝေဖန်သည်။

သို့သော်လည်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အလုပ်သမားများကို The Voice က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment