Wednesday, September 3, 2014

ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ကျင့်သုံးနေသော စနစ်ဖြစ်သည့် မဲများသူ အနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်မှ မြန်မာနိုင်ငံနှင့်သင့်လျော်မည့် ရွေးကောက်ပွဲစနစ်တစ်ခုအား ရွေးချယ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ရန် လေ့လာလျက်ရှိသည်။

“ကျွန်တော်တို့ ကော်မတီရဲ့ အဓိကတာဝန်က မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်တစ်ခုကို လေ့လာပြီး ပြည်သူ့လွှတ်တော်ကို အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာရာမှာ လက်ရှိကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူသည့်စနစ် (FPTP) ထက်ပိုမိုကောင်းမွန်တဲ့ စနစ်တွေရှိရင်လည်း ရှာဖွေရမှာပဲ။ အဲဒီလို ရှာဖွေရာမှာ နံပါတ် (၁) ရည်ရွယ်ချက်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ် (၂) က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးလည်း ဦးတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်က ပြည်သူတွေ အမှန်တကယ် အကျိုးရှိမယ့် ရွေးကောက်ပွဲစနစ်ကို ရှာဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ဟာ PR ပဲဖြစ်ရမယ်လို့ မရည်ရွယ်ပါဘူး။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်များစွာထဲက ကောင်းတဲ့အချက်အားလုံးကို လွှတ်တော်သို့ ရွေးချယ်တင်ပြသွားမှာပါ။ ကမ္ဘာမှာ အဓိက ရွေးကောက်ပွဲစနစ်ကြီး လေးခုအောက်ကနေ ကျင့်သုံးနေတဲ့ အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အဲဒီ စနစ်တွေထဲကနေ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေအရ ကိုက်ညီတဲ့ အချက်အားလုံးကို စုစည်းပြီး လွှတ်တော်ကို အစီရင်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။ ကော်မတီကနေ PR စနစ်ကိုပဲ ကျင့်သုံးရမယ်ဆိုပြီး လွှတ်တော်ကိုတင်ဖို့ မရှိပါဘူး” ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် ကော်မတီအဖွဲ့ဝင် ၂၄ ဦး၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ အဖြေရှာသွားမည်ဟု ဦးတင်မောင်ဦးက ဆိုသည်။

၎င်းအဖွဲ့အစည်းများမှာ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့နှင့် မီဒီယာအဖွဲ့အစည်းများလည်း ပါဝင်ကြောင်း၊ ၎င်းတို့အနက် ပြည်တွင်း၊ ပြည်ပ NGO များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပြီးဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့် နိုင်ငံဟူသည် မရှိခဲ့ဖူးကြောင်း၊ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားသည်။

ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ အများဆုံး ရက်ပေါင်း ၆၀ သတ်မှတ်ပြီး ကော်မရှင်သည် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ပြီး သင့်လျော်သောစနစ် ရွေးချယ်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည် ဖြစ်သည်။

PR စနစ်အား ကျင့်သုံးရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထောက်ခံလျက်ရှိသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများစုက ကြားနေဆွေးနွေးခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment