Wednesday, October 22, 2014

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ကြေညာချက်ထုတ်

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို မှားယွင်းဖော်ပြသည့်အတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။



‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်’ ဟူသော ခေါင်းစဉ်ဖြင့် Bi မွန်းတည့်နေဂျာနယ်တွင် မျက်နှာဖုံးသတင်း ဖော်ပြခဲ့သည့်အတွက် အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်မှ ဝန်ထမ်းငါးဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းတရားရုံးမှ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြင်းထန်စွာကန့်ကွက်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှအဖွဲ့ခွဲဥက္ကဋ္ဌ Benjamin Ismaïl က “ဒီပြစ်ဒဏ်နဲ့ ပြစ်မှုဟာ မမျှတပါဘူး။ ပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ကိုလည်း ဆိုးဆိုးရွားရွား ချိုးဖောက်ရာရောက်နေပါတယ်” ဟု ပြောကြားသည်။

“ဒီလိုပြစ်ဒဏ်မျိုး ချမှတ်လိုက်ခြင်းအားဖြင့် မြန်မာအာဏာပိုင်တွေဟာ ယခင်တပ်မတော် အာဏာရှင်အစိုးရလက်ထက်က တရားစီရင်မှုပုံစံတွေကို စွန့်လွှတ်ဖို့ မလိုလားဘူး၊ သတင်းလွတ်လပ်ခွင့်ကို ပိုမိုအလေးထားတဲ့ တရားစီရင်မှု ပုံစံသစ်ကို ကျင့်သုံးဖို့ မလိုလားဘူးဆိုတာ ဖော်ပြနေပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် သတင်းသမားတစ်ဦးဖြစ်သူ ကိုကျော်ဇော်ဟိန်း ကလည်း “ဒါဟာ လုံးဝမတရားပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့်ရဖို့ လိုအပ်ပါတယ်” ဟု တရားစီရင်မှုအပြီးတွင် ပြောကြားသည်။

ထိုကဲ့သို့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် ရာဇဝတ်ဥပဒေပုဒ်မ (၅ဝ၅/ခ) အရ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများ အနေဖြင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment