Monday, October 13, 2014

၁၀ နှစ်အတွင်း ရဲဘက်အကျဉ်းသား ၁၀၀၀ ကျော် သေဆုံး

ရဲဘက်စခန်းကို အမည်ပြောင်းထားတဲ့  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းတွေနဲ့ ကုန်ထုတ်စခန်းတွေမှာ  သေဆုံးသူအကျဉ်းသားပေါင်း ၁၀ နှစ်တာအတွင်းမှာ ၁၀၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ရဲ့  မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်း ဘယ်လောက်ရှိပြီး ရဲဘက်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။


ရဲဘက်အကျဉ်းစခန်းတွေမှာ ရာသီဥတု ပြောင်းလဲမှုနဲ့အညီ လိုက်လျောညီထွေ မနေထိုင်နိုင်ခြင်း၊ အစားအသောက်နဲ့၊ အနေအထိုင်လွဲမှားခြင်း၊ မတော်တဆ ထိခိုက်မှုတွေကြောင့် အများဆုံး သေဆုံးကြတာလို့လည်း ဆိုပါတယ်။

အဲဒီစာရင်းက ရဲဘက်စခန်းတွေကို ပိတ်သိမ်းလိုက်တဲ့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ထိ အတောအတွင်းမှာ ရရှိထားတဲ့စာရင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်းတွေကို ၁၉၇၈ ခုနှစ် ဧပြီလက စဖွင့်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ် မေလမှာ  ၃၆ ခု ဖျက်သိမ်းကာ စိုက်ပျိုးမွေးမြူရေး၊ အသက်မွေးမှု အတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်းအဖြစ်၂၀၁၃ ဇူလိုင်လကနေ စတင်ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှာ ဒီနေ့အချိန်ထိ  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှုအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်း  ၄၆ ခု မှာ အကျဉ်းသား ၁ သောင်းကျော်ရှိ နေပါတယ်။
DVB

No comments:

Post a Comment