Tuesday, October 28, 2014

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူမှုများရှိကြောင်းနှင့် အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်အမျိုးသားလွှတ်တော်၌ဆိုပါသည်။



ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က "ဒီအိမ်ခြံမြေဈေးကစားမှုနဲ့ပတ်သက်ပြီးတော့ အရေးယူခဲ့တဲ့အမှုတွေရှိပါတယ်။ အမှုအရေအတွက်တော့ အတိအကျမသိပေမယ့် ဂျပန်နိုင်ငံသားတစ်ဦးဟာ အိမ်ခြံမြေရောင်းဝယ်ဈေး ကစားမှုအတွက် ကျွန်တော်တို့နိုင်ငံအတွင်းမှာ ကျွန်တော်တို့နိုင်ငံသားများနဲ့ ပြည်သူတွေ၊ အကြံပေးတဲ့ ဥပဒေပညာရှင်တွေ တိုင်ပင်ပြီးတော့ အိမ်ခြံမြေဈေးကစားမှုတွေကိုဖော်ထုတ်ပြီး အရေးယူခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုစီရင်တဲ့အခါမှာ ကျူးလွန်တဲ့သူတွေကိုလည်း စီရင်ချက်ချမှတ်ပြီးဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကစားတဲ့သူတွေကို နောက်အဆောက်အုံတွေ၊ နောက်သက်ဆိုင်ရာစိုက်ပျိုးမြေတွေ၊ နောက်သက်ဆိုင်တဲ့ ၀ယ်ယူထားတဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီးလည်းဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အခွန်တိမ်းရှောင်ပြီးတော့ နိုင်ငံရဲ့ဘဏ္ဍာရေးဆောင်ရွက်ချက်များကို ထိခိုက်စေတဲ့ကိစ္စမျိုးဆိုရင်တော့  ထုတ်ပြန်ထားတဲ့တည်ဆဲဥပဒေများနဲ့ အရေးယူမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၄) မှ ဒေါက်တာမြတ်ဥာဏစိုးက အိမ်ခြံမြေဈေး ကစားဆောင်ရွက်နေသူများကိုဖော်ထုတ်၍ ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ခြင်း ရှိ မရှိနှင့် အိမ်ခြံမြေပါမစ်များ ချထားပေးရာ၌ အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ အမြတ်ယူ တစ်ဆင့်ပြန်လည် ရောင်းချ သူများကို ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်း ရှိ မရှိ မေးမြန်းမှုအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြတ်ဥာဏစိုးက "ဒုဝန်ကြီးဖြေသွားတဲ့အထဲမှာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေ၊ ၀င်ငွေခွန်ဥပဒေအပါအ၀င် ဥပဒေတွေရှိနှင့်ပြီးတော့ ဈေးကစားတဲ့သူတွေကို အရေးယူဆောင်ရွက် နိုင်ပါတယ်လို့ ဖြေကြားသွားတာရှိပါတယ်။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ ဒီလိုဥပဒေတွေရှိနေပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု ဘယ်နှမှုရှိပါသလဲ။ ဆောင်ရွက်မယ့်အစီအစဉ်ရောရှိပါသလား။ ဆောင်ရွက်မယ့်အစီအစဉ် ဘယ်လိုချမှတ်ထားသလဲဆိုတာကို သိချင်ပါတယ်" ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက "အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်ကြီးထွားလာပြီး ဈေးနှုန်းမြင့်တက်လာခြင်းနဲ့ ပတ်သက်ပြီးတော့ အခြားခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ထွန်းအောင်မြင်လာပါက အိမ်ခြံမြေဈေးကွက်မှာ ဈေးကစားခြင်းလျော့နည်းသွားနိုင်ပါတယ်။ သာမန်အားဖြင့်တော့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ အရေးယူတဲ့ ဥပဒေပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ တည်ဆဲဥပဒေတွေမှာလည်း နိုင်ငံသားတစ်ဦးရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှု အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါဘူး" ဟုပြောကြားသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက အိမ်ခြံမြေရောင်းဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့်ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ၀င်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါအိမ်ခြံမြေရောင်းဝယ်သူများအား အရေးယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးအသုံးပြုကာ အိမ်ခြံမြေ ၀ယ်ယူခြင်း၊ အိမ်ခြံမြေရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် ၀င်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန် ကြံရွယ်ပြုလုပ်ခြင်းများ ကျူးလွန်ပါက အိမ်ခြံမြေရောင်းဝယ်သူများအား တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မည်ဟုဆိုသည်။

အိမ်ခြံမြေကွက်များအား ပါမစ်ချထားပေးရာတွင် အငြိမ်းစားများအပါအ၀င် ၀န်ထမ်းများနှင့် အိမ်ရာမြေစီမံကိန်းများအရ ပြောင်းရွှေ့ပေးသူများအား နေရာချထားပေးခြင်းဖြစ်ကြောင်း၊ မြေကွက်များ ချထားပေးရာတွင် အချို့မှာ အိမ်ရာဆောက်လုပ်နေထိုင်ကြသော်လည်း အချို့မှာ ငွေကြေးအခက်အခဲ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောင်းချမှုများရှိကြောင်း၊ ထိုသို့ရောင်းချရာတွင် ၎င်းတို့ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိထားသော  ပုဂ္ဂလိကပိုင်အိမ်ခြံမြေများကို လွတ်လပ်စွာ ရောင်းချခြင်းဖြစ်သည့် အတွက် မူလမြေကွက်ချထားပေးစဉ်က ကန့်သတ်ချက်များအား ဖောက်ဖျက်ခြင်းမရှိပါက အရေးယူ ဆောင်ရွက်ရန်မရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment