Sunday, October 26, 2014

မြန်မာလုပ်သားနှစ်ဦး အာမခံရရန် ထိုင်းသူဌေးလေးဦး ကူညီမည်

ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦး အာမခံရရှိရန် ထိုင်းဘတ်ငွေသိန်း ၂၀ တန် အာမ ခံနှင့် ထိုင်း သူဌေး လေးဦး ကူညီ မည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ထံမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ဆယ်သိန်းတန် အာမခံ ပေးရမည်ဖြစ်ပြီး ထိုင်း နိုင်ငံသား သူဌေးလေးဦးက အာမ ခံထားပေးရမည်ဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား များ ပြစ်မှုကျူးလွန်ပါက ထိုင်း အစိုးရက အာမခံပေးလေ့ပေးထ မရှိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး ပြစ်မှုကျူးလွန်ခြင်း သက် သေအထောက်အထား မခိုင်လုံ သေးချိန်တွင် ၎င်းတို့အတွက် အာမခံပေးရမည်ဟု မြန်မာသံရုံး အထူး အဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် က ပြောသည်။‘‘သံအမတ်ကြီးက ပြောပါတယ်။ အာမခံပေးဖို့ ထိုင်းသူဌေး လေးဦးလည်း ရရှိထားပြီလို့ ပြောပါတယ်။ သူတို့ကို တရားရုံး တင်မှ အာမခံအတွက် လုပ်ရမှာပါ။ အရင်က ရွှေ့ပြောင်းလုပ်သားတွေကို အာမခံမပေးဘူးဆိုတာက သူတို့မှာ အာမခံပေးမယ့် သူလည်း မရှိဘူး။ ပိုင်ဆိုင်တာလည်း မရှိဘူး။ အဲဒါကြောင့် အာမခံ မရတာပါ’’ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအတွက် အာမခံရရှိရန် ကိစ္စ ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အသတ်ခံ ရမှုတွင် ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ၀န်ခံခိုင်း၍ ၀န်ခံခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်က ၎င်း တို့၏မိဘများအား ပြောကြားခဲ့သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ၎င်းတို့၏ သားနှင့် တွေ့ဆုံရန် အောက်တို ဘာ ၂၂ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးပြစ်ဒဏ်မှ လွတ်မြောက်ရန် မြန်မာသံရုံးအထူးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ဗြိတိန်စုံတွဲ အသတ်ခံရမှု စုံစမ်းစစ်ဆေးမှုကို လေ့လာစောင့်ကြည့်ရန် ဗြိတိန်ရဲတပ်ဖွဲ့က လာမည့်အပတ်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားအား ထိုင်းရဲတပ်ဖွဲ့၏ စကားပြန် အဖြစ် လုပ်ဆောင်ပေးသော မြန်မာနိုင်ငံသားနှစ်ဦးသည် မြန်မာလုပ်သားနှစ်ဦးအား လူသတ်ပါသည်ဟု ၀န်ခံခြင်း မရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်ပစ်မည်၊ ပင်လယ်ထဲ မျောပစ်မည်ဟု ခြိမ်းခြောက်ခြင်းကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ၎င်းတို့၏ မိဘများအား ပြောကြားခဲ့သည်။

အဆိုပါ စကားပြန်နှစ်ဦး၏ ပတ်စ်ပို့များကို သိမ်းဆည်း၍ အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့၏ မိဘများအား ပြောဆိုသော စကားများကို အောက်တိုဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ အစိုးရရှေ့နေရုံးချုပ်သို့ တင်ပြစာပေးပို့သွားမည်ဟု လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်အား လိုက်လံသတင်းယူနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။

7Day Daily

No comments:

Post a Comment