Thursday, October 30, 2014

အားလုံးပါဝင်ခွင့်နှင့် တတိယလှိုင်း ● (မှူးဇော်)

လှိုင်း ဟူသည်မှာ ပြုပြင်ပြောင်းလဲရေး မျှော်မှန်းချက်များကို မဟာဗျူဟာခုန်ပျံကျော်လွှားမှုအဖြစ် အဟုန် ထည့်လိုက်ခြင်းပင် ဖြစ်သည်။ အကောင်အထည်ဖော်လိုသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရန် ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်းများကို လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည့်နှယ် အရှိန်အဟုန်ဖြင့် တက် ညီလက်ညီ ဆောင်ရွက်လာကြစေရန် တွန်းအားပေး၊ ဖိအားပေးသည့်သဘောဖြင့် လှိုင်း ဟု ခေါ်တွင်ခဲ့ ခြင်းလည်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဟူသော အဓိပ္ပါယ်ကို စေ့ငုကြည့်လျှင် ပြုပြင်ခြင်းနှင့် ပြောင်း လဲခြင်း(ပြုပြင်ခြင်း+ပြောင်းလဲခြင်း) ကို တွေ့မြင်နိုင်သည်။ အစိုးရဌာနများ၊ အစိုးရအဖွဲ့ အစည်းများ ပြုပြင်ခြင်း အဆင့်တွင် ပြောင်းလဲခြင်းသို့ ချက်ချင်းလက်ငင်း ရောက်ချင်လည်း ရောက်နိုင် သည်။ ရောက်ချင်မှလည်း ရောက်မည်။ အဆိုပါ အပြောင်းအလဲဖြစ်စေရန်အတွက် ပြုပြင်ပေးသည့် အဆင့်တွင် အရေးကြီးသည်မှာ တာဝန်သိမှုနှင့် တာဝန်ယူမှု ရှိလာစေရေး ဖြစ်သည်။
အဆိုပါ တာဝန်သိမှုနှင့် တာဝန်ယူမှုတို့ ဖြစ်တည်လာစေရန် Mindset Change ပြုလုပ်ရန် လိုအပ်သည်။ Mind Setting စိတ်ဓါတ်အခံကို Change လုပ်ပေးခြင်း၊ Change လုပ်လိုက်ခြင်းသည် Mindset Change ပင် ဖြစ်သည်။ ဤနေရာတွင် စိတ်ဓါတ်အခံ အပြောင်းအလဲကို မည်သည့် Guideline ဖြင့် ဖန်တီးဖော်ဆောင်နိုင်မည် နည်း ဟု အဖြေရှာလျှင် လူထုဗဟိုပြုခြင်း ဟူ၍ တွေ့ရှိနိုင်သည်။ ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာ ၀န်ဆောင်မှုသည် တတိယလှိုင်း၏ အသက်သွေးကြောပင် ဖြစ်သည်။ မည်သည်ကို ရည်ရွယ်၍ ဆောင် ရွက်ရမည် ဟူသော ပြုပြင်ပြောင်းလဲရေး ဦးတည်ချက် Reform Objective မှာ ပြည်သူလူထုပင် ဖြစ် ကြောင်း ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

● ပထမလှိုင်း

နိုင်ငံတော်သမ္မတကြီး၏ “ပထမလှိုင်း”သည် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည့် (၃၀-၃-၂၀၁၁)ရက်နေ့တွင် စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ရေတွက်လျှင် အချိန်ကာလအားဖြင့် (၁၆)လ တိတိ ကြာမြင့်ခဲ့သည်။ တိုတိုတုတ်တုတ် ပြောရလျှင် အစိုးရသစ် တက်လာပြီး ပထမဆုံး (၁၆)လသည် ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းပင် ဖြစ်သည်။ ပထမလှိုင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အဓိက ထား၍ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခဲ့ခြင်း၊ လွတ်လပ်စွာရေး သားဖော်ပြခွင့်ကို အာမခံခဲ့ခြင်း၊ နိုင်ငံရေးခံယူချက် မတူညီသူများနှင့် ဒိုင်ယာလော့ခ်များစတင်ခဲ့ခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ဥပဒေ များ ပြဌာန်းပေးခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအား တန်းတူရည်တူ ငြိမ်းချမ်း ရေး ဆွေးနွေးရန် လမ်းဖွင့်ပေးခဲ့ခြင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေး ဖိတ်ခေါ်ခဲ့ခြင်း အစရှိသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ပထမလှိုင်းသည် ပြည်တွင်းပြည်ပ အားလုံးသော စောင့်ကြည့်သူများ ကို မင်တက်သွားစေသည်အထိ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ပထမလှိုင်းကို နိုင်ငံရေးဖြင့် ဖွင့် ခဲ့ခြင်းပင် ဖြစ်သည်။

●ဒုတိယလှိုင်း

နိုင်ငံတော်သမ္မတကြီး၏ “ဒုတိယလှိုင်း”သည် (၁၂-၅-၂၀၁၂)ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ကာလအားဖြင့် ရေတွက်ကြည့်လျှင် စုစုပေါင်း (၁၃)လတိတိ ကြာမြင့်ခဲ့သည်။ ဒုတိယလှိုင်းတွင် ပြုပြင် ပြောင်းလဲမှု (၄)ရပ်ကို အလျားလိုက်ပိုင်းခြား၍ ဖော်ဆောင်ခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲမှု(၄)ရပ်မှာ (၁) နိုင်ငံရေး၊ (၂) လူမှု-စီးပွား၊ (၃) အုပ်ချုပ်ရေးယန္တရား၊ (၄) ပုဂ္ဂလိကကဏ္ဍ ဟူ၍ ဖြစ်သည်။ ဒုတိယလှိုင်း၏ အသက်သွေးကြောမှာ နိုင်ငံတကာမိတ်ဖက်များ၊ အလှူရှင်များနှင့် အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းပြီး ချမှတ်နိုင်ခဲ့သော လူမှု-စီးပွားပြုပြင်ပြောင်းလဲရေးမူဘောင် Framework on Economic and Social Reform-FESR ပင် ဖြစ်သည်။ အဆိုပါ မူဘောင်မှာ ပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၂ ခုနှစ်မှသည် ၂၀၁၅ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မူဝါဒဆိုင်ရာ ဦးစားပေးကိစ္စရပ်များကို ပန်းတိုင်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းမူဘောင်ပါ ကဏ္ဍအလိုက် နိုင်ငံတကာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်အထိလည်း ယင်းမူဘောင်နှင့်အညီ ဆက် လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများအား ကြွေးမြီများ လျော်ပစ်ရေးအတွက် အထက်ပါ FESR မူဘောင်ကို ချပြ၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဂျက်ဖရဒီဆာ့ခ်ျ၏ End of Poverty တွင် ရေးသားဖော်ပြထားခဲ့သည့်အတိုင်း နိုင်ငံတစ်နိုင်ငံ ပြုပြင်ပြောင်းလဲရာတွင် ဆောင်ရွက်မည့် မဟာဗျူဟာ မူဘောင်ကို ရေးဆွဲပြီးသည့်နောက် မြီရှင်များနှင့် တွေ့ဆုံကာ ကြွေးဟောင်းလျော်ရေး၊ ကြွေးသစ်ချရေး၊ ကြွေးဟောင်း မဆပ်နိုင်ခြင်းကြောင့် ရပ်ဆိုင်းထားသော ထောက်ပံ့ကူညီမှု အပါအ၀င် အခွင့်အရေးများ ဖွင့်လှစ်ပေးရေး စသည်တို့ကို ဆောင်ရွက်ကြရသည်။ ပိုလန်နှင့် ရုရှား စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် မြီရှင်နိုင်ငံများ၏ ၀ိုင်းဝန်းကူညီမှုဖြင့် ပိုလန်ပြုပြင်ပြောင်းလဲမှု အောင်မြင်ခဲ့သော်လည်း မြီရှင်နိုင်ငံများ၏ လျစ်လျူရှုမှုကြောင့် ရုရှားပြုပြင်ပြောင်းလဲမှု အောင်မြင်မှု မရရှိခဲ့ပေ။ ထိုသို့ မြီရှင်နိုင်ငံများ၏ ပံ့ပိုးကူညီမှု ရရှိစေရန်အတွက်လည်း သက်ဆိုင်ရာနိုင်ငံက ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာမူဘောင် မှာ လက်တွေ့ကျရန်၊ ခိုင်မာရန်၊ ယုံကြည်မှု ရှိစေရန် အထူးပင် အရေးကြီးလှသည်။ မြန်မာနိုင်ငံအနေဖြင့် မြီရှင်နိုင်ငံများမှ ကြွေးဟောင်းများ လျော်ပစ်ခြင်း၊ ဖွံ့ဖြိုးရေးအကူအညီအသစ်များ တိုးမြှင့်ရရှိလာခဲ့ခြင်း စသည်တို့မှာ FESR အပေါ် စိတ်ချယုံကြည်မှုနှင့် အဓိက ဆက်စပ်နေခဲ့သည်။

FESR တွင် ကဏ္ဍကြီး (၁၀)ခု ပါရှိသည်။

- (၁) ဘဏ္ဍာရေးနှင့် အခွန်စနစ်ပြုပြင်ပြောင်းလဲရေး (လက်ရှိဆောင်ရွက်လျက်ရှိ)၊

- (၂) ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲရေး(ဗဟိုဘဏ်၏ သီးခြားလွတ်လပ်စွာ ထိန်းကျောင်းမှု)၊

- (၃) ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများအတွက် ဖြေလျှော့မှုများ ဆောင်ရွက်ရေး (Delivery Unit များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခဲ့သည်၊ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို အစိုးရတစ်ပိုင်း-အရပ် သားတစ်ပိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်)၊

- (၄) ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (ပြုပြင်ပြောင်းလဲမှု ၄ ရပ် တွင် တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်၊ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးခဲ့သည်)၊

- (၅) ကျန်းမာရေး နှင့် ပညာရေး (နှစ်စဉ်ဘတ်ဂျက် ၁ ဆ တိုးမြှင့်ခွဲဝေပေးခဲ့သည်၊ ပညာရေးပြုပြင်ပြောင်းလဲမှုများ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်၊ ကျေးလက်ကျန်းမာရေးကွန်ရက်များ တိုးချဲ့ခဲ့သည်၊ ၀န်ထမ်းများ တိုး မြှင့်ခန့်အပ်ခဲ့သည် စသည်ဖြင့်)၊

- (၆) စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး (ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်များနှင့် ချိတ်ဆက် ပေါင်း စည်းခဲ့သည်၊ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာ၊ အရင်းအနှီး ပံ့ပိုးကူညီမှုများ မြှင့် တင်ပေးခဲ့သည်၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ၊ သွင်းအားစုများကို အခွန်မဲ့ တင်သွင်းခွင့် ပြုခဲ့ သည်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ပြည်ထောင်စုဝန်ကြီး၃ ဦးအား တာဝန်ပေး၍ ဆောင်ရွက်စေခဲ့ သည်)၊

- (၇) အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှု မြှင့်တင်ရေး (ပွင့်လင်းမြင်သာမှုမြှင့်တင်နိုင်ရန်အတွက် သယံဇာတထုတ်ယူသုံးစွဲရေးဆိုင်ရာ EITI အဖွဲ့ဝင် ဖြစ်လာစေရန် ဆောင်ရွက်ခဲ့သည်၊ Open Government Partnership-OGP အဖွဲ့ဝင်အဖြစ် အဆိုပြုခဲ့သည်၊ အိတ်ဖွင့်တင်ဒါစနစ်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများသတ်မှတ်ပေးခဲ့သည်၊ တာဝန်သိ၊ တာဝန်ခံသော အစိုးရဖြစ်လာရေး တွန်းအားပေးခဲ့သည်)၊

- (၈) မိုဘိုင်းဖုန်းနှင့် အင်တာနက် မြှင့်တင်ရေး (တယ်လီကွန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ခုခံမှုများ အကြားက ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့သည်၊ လူတိုင်းလက်လှမ်းမီသော ၁၅၀၀ ကျပ် ဈေးနှုန်းသတ်မှတ် ပေးခဲ့သည်၊ အင်တာနက် ၀န်ဆောင်မှုအား အပြိုင်အဆိုင် လုပ်ကိုင်နိုင်စေရန် မူဝါဒချမှတ်ပေးခဲ့သည်)၊

- (၉) အခြေခံအဆောက်အအုံ (အဓိကအားဖြင့် ရေ၊ မီး၊ လမ်း တိုးမြှင့်ဖော်ဆောင်စေခဲ့သည်၊ လျှပ်စစ် ထုတ်လုပ်ရေးကဏ္ဍတွင် ပုဂ္ဂလိကမှ ပါဝင်နိုင်စေရန် ဆောင်ရွက်ခဲ့သည်၊ ကျေးလက်လမ်းနှင့် မြို့ပြလမ်း များ တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန် မြှင့်တင်ဆောင်ရွက်ခဲ့သည်၊ အထူးစီးပွားရေးဇုန်များ၊ မြို့ပြစီမံ ကိန်းများ တိုးချဲ့ဆောင်ရွက်ခဲ့သည်)၊

- (၁၀) ထိရောက်ထက်မြက်သည့်အစိုးရ (အုပ်ချုပ်မှုကောင်းကြန် အင်များနှင့်အညီ ဆောင်ရွက်ရေး၊ အုပ်ချုပ်ရေးယန္တရားအရည်အချင်းမြှင့်တင်ရေး၊ အစိုးရ၀န်ထမ်းများ၏ Mindset အပြောင်းအလဲ ဖြစ်ရေး၊ ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုများ ထမ်းဆောင်ရေး၊ အစိုးရဌာနများ၏ ဖွဲ့စည်းတည်ဆောက်မှုများ ပြုပြင်ရေး၊ အစိုးရလုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်ရေးနှင့် အများပိုင်ကုမ္ပဏီအဆင့်အထိ ပြောင်းလဲရေး၊ အစိုးရလုပ်ငန်းများတွင် ဘတ်ဂျက်မှ ထောက်မပေးခြင်း မပြုတော့ဘဲ မိမိဝင်ငွေလည်ပတ်မှုဖြင့် မိမိဘာသာ ရပ်တည်နိုင်ရေး၊ အီလက်ထရော နစ်ဝန်ဆောင်မှုများ တိုးမြှင့်ရေး စသည်အားဖြင့်) ဦးစားပေး ကဏ္ဍကြီး(၁၀) ဖော်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ၂၀၁၂ မှ ၂၀၁၅ အထိ ဆောင်ရွက်သွားမည့် မဟာဗျူဟာမူဘောင်အရ ဦးစားပေးလုပ်ငန်းများ မှာ အတော်များများ ဆောင်ရွက်ထားပြီး ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။

● တတိယလှိုင်း

ဤတွင် လက်ကျန် လပေါင်း(၂၀)အတွင်း ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် ထပ်မံမြှင့်တင်ရန် အတွက် “ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း” ကို စတင်ခဲ့ခြင်း ဖြစ်သည်။ တတိယလှိုင်း၏ ကြာမြင့်ချိန်မှာ ၁၀-၆-၂၀၁၄ ရက်နေ့မှ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလအထိ၊ လအားဖြင့် လပေါင်း(၂၀)ပင် ဖြစ် သည်။ တတိယလှိုင်းတွင် ပန်းတိုင်များ အသီးသီးသတ်မှတ်ထားသော်လည်း အဓိကအားဖြင့် Quick Win နှင့် Foundation ဟူ၍ အပိုင်း(၂) ပိုင်းသာ ဖြစ်သည်။

ပထမအပိုင်းဖြစ်သော Quick Win မှာ လူထုဗဟို ပြုရေးသာ ဖြစ်သည်။ ရှင်းရှင်းဆိုရလျှင် လူထုကို ဖိစီးနေသည်များ ရှိနေသလား၊ ရှိနေရင် ဖယ်ရှားပေး လိုက်၊ ကြိုးနီစနစ်များ ရှိနေသေးလား၊ ရှိနေရင် ဖယ်ရှားပေးလိုက်၊ လူထုအတွက် ကောင်းမည်ဆိုလျှင် လုပ်၊ မကောင်းဘူးဆိုလျှင် မလုပ်နှင့်။ ဤသည်ပင်လျှင် Quick Win ဖြစ်သည်။ လူထုအတွက် ဖွင့်သင့် တာဖွင့်၊ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာပြောင်း၊ ဖြုတ်သင့်တာဖြုတ်၊ ခေါင်းမာစွာဖြင့် တင်းခံမနေနှင့် ဟူ၍ အတိုချုပ်ပြောကြားနိုင်မည် ဖြစ်သည်။ ဤသို့ လူထုဗဟိုပြု ပြောင်းလဲနိုင်စေရန်အတွက် ဦးစွာ တာဝန်သိမှု၊ တာဝန်ယူမှု ရှိရန် လိုအပ်သည်။ တာဝန်ယူနိုင်ရန်အတွက်လည်း တာဝန်ပေးအပ်မှု မရှိမဖြစ် လိုအပ်သည်။ ဤတွင် အဆင့်ဆင့်သော အာဏာခွဲဝေမှု လုပ်ငန်းစဉ် Decentralization Process ကို မဖြစ်မနေ ဆောင်ရွက်ကြရပြန်သည်။

တတိယလှိုင်းတွင် ဗဟိုဦးစီးစနစ်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိ သည်။ ဥပမာအားဖြင့် မိမိမြို့နယ် ဖွံ့ဖြိုးရေးအတွက် မြို့နယ်လူထုဆောင်ရွက်လိုသည်များကို မြို့နယ် အဆင့်များတွင် ဖွဲ့စည်းထားသော လူထုပါဝင်သည့် ကော်မတီ(၃)ခုနှင့် အုပ်ချုပ်ရေး၊ လွှတ်တော်ကိုယ် စားလှယ်တို့ ပူးပေါင်းကာ ဦးစားပေး စီမံကိန်း ရေးဆွဲရန်၊ ယင်းစီမံကိန်းအတွက် ဦးစားပေးအလိုက် ဘတ် ဂျက်တောင်းခံရန်၊ ထိုဘတ်ဂျက်အား မြို့နယ်လူထု ကိုယ်စားပြုသူများနှင့် ညှိနှိုင်းတိုင်ပင် သုံးစွဲရန် ဆောင် ရွက်လျက် ရှိသည်။ လူထုသည် စီမံကိန်းရေးဆွဲရန် စဉ်းစားချိန်မှစတင်၍ကာ ငွေသုံးစွဲ၍ အကောင် အထည်ဖော်သည့်အချိန်အထိ အုပ်ချုပ်ရေးတွင် ပါဝင်ခွင့် ရှိစေမည် ဖြစ်သည်။ အုပ်ချုပ်ရေးယန္တရားတွင် လူထုပါဝင်နိုင်မှုသည် ပြုပြင်ပြောင်းလဲရေး၏ အဓိကအချက်ပင် ဖြစ်သည်။

ဒုတိယအပိုင်းဖြစ်သော Foundation အပိုင်းမှာ လူထုအတွက် ပြုပြင်ပြောင်းလဲသင့်ပြီး လပေါင်း (၂၀)အတွင်း မပြီးပြတ်နိုင်သော ကိစ္စရပ်များကို ဖော်ဆောင်ခြင်း ဖြစ်သလို ရေရှည်ကာလမှသာ အကျိုး သက်ရောက်မှု ရှိနိုင်မည် ဖြစ်သော်လည်း လက်ရှိအစိုးရလက်ထက်တွင် အုတ်မြစ်ချခဲ့ခြင်း စသည်တို့ကို ဆိုလိုသည်။ အချုပ်အားဖြင့် နှစ်ကာလရှည်ကြာမည် ဖြစ်သော်လည်း လူထုအတွက် အစဉ်အဆက် ကောင်းမွန်စေရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များ ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးရန် ဖြစ်သည်။

● လူထု အဓိက

တတိယလှိုင်း၏ ထူးခြားချက်မှာ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ရှိ အစိုးရ၀န်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ကိုထမ်းရသည့် ပြည်သူ့ဝန်ထမ်းစိတ်ဓါတ် ဖြစ်ပေါ်လာရေး၊ လူထုဗဟိုပြု ၀န်ဆောင်မှုများ ဖြည့် ဆည်းပေးရေး၊ တာဝန်သိ-တာဝန်ယူခြင်းများမှ တာဝန်ကျေပွန်မှုများ ဖြစ်ပေါ်လာရေး စသည်ဖြင့် အောက်ခြေကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ အောက်ခြေမှ ဖန်တီးသော အပြောင်း အလဲများ အထက်သို့ တက်လာပြီး အထက်မှ အပြောင်းအလဲနှင့် ပေါင်းစည်းကာ လူထုဗဟိုပြုပြုပြင် ပြောင်းလဲမှု အောင်မြင်ရေးကို ရှေ့ရှုထားသည်။ ဤသို့ အောက်မှအထက်သို့ တက်သော ပြုပြင်ပြောင်း လဲမှုကို ဆောင်ရွက်ရခြင်းမှာ အောက်ခြေ၀န်ထမ်းများအနေဖြင့် အထက်မှခိုင်း၍သာ လုပ်ကိုင်နေရသည်၊ ဘာမှန်းတော့မသိ ဟူသော ဖြစ်ရပ်မျိုးမှ ကင်းဝေးစေရန် ဖြစ်သည်။

တစ်နည်းအားဖြင့် လက်ရှိတတိယ လှိုင်းကို မိမိတို့ လုပ်နေသည်၊ မိမိတို့က အပြောင်းအလဲများ ဖန်တီးနေသည် ဟူသော ယုံကြည်မှုများ ဖြစ် ပေါ်လာရေး၊ ထိုသို့ ယုံကြည်လာစေရန်အတွက် အပြောင်းအလဲဖန်တီးပိုင်ခွင့်များ အပ်နှင်းပေးရေးသည် အထူးပင် အရေးကြီးလှပေသည်။ တတိယလှိုင်းကို ၀န်ထမ်းများ အားလုံးက ဆောင်ရွက်နေကြခြင်း ဖြစ် သည်၊ နိုင်ငံတော်သမ္မတက ညွှန်ကြား၍မဟုတ်၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များက ခိုင်း၍မဟုတ်၊ မိမိတို့ဘာသာ ဆောင်ရွက်နေခြင်း ဖြစ်သည် ဟူသော ယုံကြည်မှု ရရှိလာစေနိုင်သော အခွင့်အလမ်းများ လမ်းဖွင့်ပေးရန် အထူးလိုအပ်လှသည်။

ဝန်ကြီး၊ ဒုတိယ၀န်ကြီးများသည် နိုင်ငံရေးခေါင်းဆောင်များဖြစ်၍ ဗျူရိုကရေစီအဆင့်အထိ အတွင်းကျကျ ဆင်း၍ ညွှန်ကြားနေသင့်သော အချိန်အခါ မဟုတ်တော့ပါ။ နိုင်ငံတော်သမ္မတကြီးအနေ ဖြင့် နိုင်ငံရေးနှင့် ဗျူရိုကရေစီယန္တရားကို စည်းခြား၊ ကတ္တားခြားနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို နားလည်ရန် လိုအပ်လှသည်။ နောင်သောအခါ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများမှာ အများစုအနိုင်ရရှိသည့် နိုင်ငံရေးပါတီများ၊ ယင်းပါတီများမှရွေးချယ်သူများ ဖြစ်လာကြမည် ဖြစ်သည်။ အစိုးရများမှာ တက်လာ လိုက်၊ ဆင်းသွားလိုက် စသည်တို့ကို ရွေးကောက်ပွဲများဖြင့် လည်ပတ်နေမည် ဖြစ်သည်။ ဗျူရိုကရေစီ ယန္တရားမှာ မည်သည့်ပါတီတက်လာလာ၊ မည်သူ ၀န်ကြီးဖြစ်ဖြစ်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံရေးသမားတို့ ချမှတ်ပေးသော မူဝါဒများကို ဖော်ဆောင်ပေးရန်သာ ဖြစ်သည်။ ဤသည်ကိုလည်း နိုင်ငံတော်သမ္မတကြီးက အတွင်းဝန်စနစ် ခိုင်ခိုင်မာမာ ချမှတ်ခဲ့ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

အနှစ်ချုပ်မှာ လူထုပင် ဖြစ်သည်။ လူထုကို ဖိစီးစေခြင်း၊ လူထုအပေါ်မောက်မာခြင်း၊ လူထုကို စိတ်ပျက်စေခြင်း၊ လူထုကို အနိုင်အထက်ပြုကျင့်ခြင်းစသည်တို့သည် တတိယလှိုင်း၏ အင်္ဂါရပ်များ မဟုတ်ပါ။ တတိယလှိုင်းသည် လူထုကို မိဘအသွင် ခံယူ၍ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရ ခြင်းသာ ဖြစ်သည်။ လူထုအတွက် အတားအဆီးဖြစ်နေသည်များ မြင်လျှင် ဖယ်ရှားပေးပါမည့်အကြောင်း၊ ထိုသို့ ဖယ်ရှားပေးနိုင်ရန်အတွက် အဆင့်ဆင့်သော တာဝန်ခွဲဝေမှုများ၊ အာဏာခွဲဝေမှုများ မရှိမဖြစ် လို အပ်မည် ဖြစ်ပါကြောင်း၊ သို့မှသာ အောက်ခြေအဆင့်ဆင့်မှ ပြည်သူ့ဝန်ထမ်းများက အစပြုဖော်ဆောင် သော“အားလုံးပါဝင်သောတတိယလှိုင်း” ဖြစ်ပေါ်လာမည့်အကြောင်း အလေးပေးတင်ပြလိုက်ရပေသည်။

[Source: 30-10-2014 Issue, Democracy Today Newspaper]

No comments:

Post a Comment