Tuesday, October 14, 2014

အပြီးသတ် အပစ်မရပ်နိုင် သောကြောင့် ကရင်ပြည်နယ်တွင် သေနတ်သံများ ပြန်ကြားလာရဟု ဦးအောင်မင်းပြော

Photo: အပြီးသတ် အပစ်မရပ်နိုင် သောကြောင့် ကရင်ပြည်နယ်တွင် သေနတ်သံများ ပြန်ကြားလာရဟု ဦးအောင်မင်းပြော
Tuesday, October 14, 2014

ကရင် ပြည်နယ်တွင် သေနတ်သံများ ပြန်လည် ထွက်ပေါ် လာခြင်းမှာ အပြီးသတ် အပစ်အခတ် ရပ်စဲရေး အဆင့်သို့ မရောက်သေး သောကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားသည်။

      မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ကော်မတီ ဗဟိုဌာန (Myanmar Peace Centre)  ၏ နိုင်ငံတကာမှ အထောက်အပံ့ ရရှိသော ဘဏ္ဍာငွေများ၊ လုပ်ငန်း တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းစဉ် ကရင် ပြည်နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဟွာက ကရင်ပြည်နယ် အတွင်း ပြန်လည် ဖြစ်ပေါ် နေသော ပစ်ခတ်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

         ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ် အပစ်အခတ် ရပ်စဲရေး အဆင့်ကို မရောက်သေးတဲ့ အတွက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ ပြန်ကြားရခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင် ကျွန်တော်တို့နဲ့ လက်မှတ် ထိုးထားတဲ့ ကလို့ထူးဘော အဖွဲ့က တပ်သား အချို့ဟာ ကျိုက်မရောမြို့ကို ၀င်လာပြီးတဲ့ အခါမှာ သေနတ်တွေကို ဘေးအိမ်မှာ အပ်ထား ပါတယ်၊ ဒီဥစ္စာ သေနတ်ယူခွင့် မရှိတဲ့ နေရာ ဖြစ်ပါတယ်၊ အဲဒီနေရာမှာ ရှိတဲ့ သေနတ်တွေကို သိမ်းလိုက်တာ ကနေ စပြီး ပြဿနာတွေ ဖြစ်တာ ဖြစ်ပါတယ်၊ ဒီကိစ္စကို ကျွန်တော်တို့ ပစ်မထားပါဘူး။ အမှိုက် ကစပြီး ပြသာဒ် မီးလောင်နိုင်တယ် ဆိုတဲ့ ကိစ္စလို့ ခံယူထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ပြေငြိမ်းနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ် ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။

       ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကနဦး အပစ်အခတ် ရပ်စဲရေးနှင့် အပြီးသတ် အပစ်အခတ် ရပ်စဲရေး စသော အခြေခံအချက် နှစ်ရပ် အပေါ် အခြေခံ၍ ဆောင်ရွက်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်ရှိ ချုပ်ဆိုထားသော စာချုပ်များမှာ ကနဦး သဘောတူ စာချုပ်များသာ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား သည်။

        ငြိမ်းချမ်းရေး ဆိုတာ အားလုံးက လိုချင်နေတဲ့ အရာပါ။ ဒါကြီးက ကြာသင့်တဲ့ ကိစ္စ မဟုတ်ဘူး။ အားလုံးက အသေးအမွှားက အစ အနည်းအကျဉ်း လောက်က ထထပြီး ဆူနေတာ လိုလို၊ ပူနေ သလိုလို သဘော မတူသလို လုပ်နေတာ ကိုတော့ ဘ၀င်မကျဘူး။ ဒီကိစ္စက အားလုံးကို ဇလုတ် တိုက်လို့ မဖြစ်ဘူး။ တက်ကို အမျိုးမျိုး ပြောင်းပြီး လှော်မှ ရမယ်။ အားလုံး အတူတူပဲ ညီညာဖြဖြ ဆိုတာ အဲ့ဒါ ဆိုရှယ်လစ် လှေကြီး လှော်တာပဲ။ ရေသာခိုတဲ့သူရှိ သလို ကြုံးလှော်တဲ့ သူလည်း ရှိမယ်။ သိပ် အဆင်မပြေဘူး။ ရေစီးကြမ်းရင် ကြမ်းသလို တက်တွေ ပြောင်းပြီး လှော်သင့်တယ် ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

          ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးနေစဉ် ကရင် ပြည်နယ် အတွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကိစ္စရပ်များကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)  အနေဖြင့် အမြန်ဆုံး ဖြေရှင်းသွားမည်ဟု ဦးအောင်မင်းက ပြောကြား သွားသည်။

The Messenger

No comments:

Post a Comment