Thursday, October 30, 2014

အာဟာရဓာတ်ခြောက်မျိုး နေ့စဉ်စားသုံးခြင်းဖြင့် ကင်ဆာနှင့်အခြားရောဂါများ ကာကွယ်နိုင်


တစ်နေ့လျှင် အာဟာရဓာတ်ခြောက်မျိုး ပြည့်စုံအောင် စားသုံးပေးခြင်းဖြင့် ကင်ဆာနှင့် အခြားရောဂါများအား ကာကွယ်နိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန်ကြီးအချို့က အကြံပြုပြောကြားသည်။

‘‘လူတစ်ယောက် တစ်နေ့ကို အာဟာရဓာတ်ခြောက်မျိုးစုံအောင် စားပေးမယ်ဆိုရင် ကင်ဆာတွေအပြင် အ၀လွန်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေနဲ့ တခြားဘယတွေမဖြစ်အောင် ကာကွယ်ပေးတယ်’’ဟု လှိုင်မြို့နယ်ရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကဆိုသည်။

ယင်းအာဟာရဓာတ်ခြောက်မျိုးမှာ ရေဓာတ်၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များဖြစ်ပြီး လူတစ်ဦးသည် နေ့စဉ် ငါး၊ ပုစွန်၊ ဥအမျိုးမျိုး၊ ဘဲသွေး၊ ပဲပြား၊ တို့ဟူး၊ ပဲနှင့် နို့ထွက်ပစ္စည်း၊ ဆန်၊ ပြောင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ကောက်ညှင်းနှင့် ပြုလုပ်ထားသောမုန့်၊ ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး၊ ထောပတ်နှင့် ဆီအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် သံပရာသီး၊ မာလကာသီး၊ ခရမ်းချဉ်သီးတို့ကို စားသုံးရမည်ဖြစ်သည်။



ထို့အပြင် ယင်းအာဟာရဓာတ်ခြောက်မျိုးက လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာစေရေးအတွက် လိုအပ်သော အထောက်အကူဖြစ်၍ အသက်အရွယ်နှင့် ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ကာ သင့်တင့်မျှတစွာစားသုံးရန် လိုအပ်သည်ဟု ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာရဲတင့်လွင်ကပြောသည်။

‘‘ဒီန့စားတဲ့ဟာမှာ ဟင်းသီးဟင်းရွက် သစ်သီးဝလံလည်းပါရမယ်။ နောက်အသားရရင်ရ၊ မရရင် ပဲအမျိုးမျိုးထဲက ပါရမယ်။ အဆီကတော့ နည်းနည်းပဲယူမယ်။ ကစီဓာတ်အနေနဲ့ကတော့ ဆန်၊ ဂျုံ၊ ပြောင်းတွေပါရမယ်။ နို့ကျတော့လည်း နို့ထွက်ပစ္စည်းတွေပါရမယ်ဆိုပြီး နေ့တစ်နေ့မှာစားသုံးရင် အဲဒါတွေ ရွေးချယ်စားသုံးနိုင်ရမယ်’’ဟု ၎င်းကဆိုသည်။

ရေသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တည်ဆောက်ပေးခြင်းနှင့် ခန္ဓာကိုယ်အပူထိန်းပေးခြင်း၊ အသားသည် ခန္ဓာကိုယ်ကြီးထွားမှုနှင့် ပြုပြင်တည်ဆောက်မှုစွမ်းအင်ပေးခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များသည် ရောဂါကာကွယ်မှုနှင့် စွမ်းအင်ထုတ်လုပ်ပေးခြင်းတို့ကို အဓိကလုပ်ဆောင်ပေးသည်။ ယင်းဓာတ်များချို့တဲ့ပါက နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကင်ဆာအပါအ၀င် အခြားရောဂါများ ၀င်ရောက်ရန် လွယ်ကူစေနိုင်သည်။
7daydaily

No comments:

Post a Comment