Tuesday, October 14, 2014

တပ်များဆုတ်ခွာပေးရန် SSPP ကို အစိုးရအကြောင်းကြား

‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်များ ဆုတ်ခွာပေးရန် အစိုးရဘက်က အကြောင်းကြား လာကြောင်း သတင်းရရှိသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်း တန့်ယန်းမြို့နယ်၊ မိုင်းကောင်ဒေသအတွင်းရှိ SSPP/SSA တပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ရေးထိုးကာ အောက်တို ဘာ ၉ ရက် ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း SSPP/SSA ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် နယ်လုံဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရှမ်းပြည်နယ်ကျေးသီးမြို့နယ်၊ ၀မ်ဝပ်ကျေးရွာအုပ်စုရှိ တာဖာဆောင် စခန်းမှ SSPP/ SSA တပ်များကို အစိုးရဘက်ကဆုတ်ခွာခိုင်းရာမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။

ယခုအခါတွင်လည်း UWSA ထိန်းချုပ်နယ်မြေနှင့် ကပ်လျက် သံလွင်မြစ်အနောက်ဘက်ဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်ဇန်န၀ါရီတွင် သတ်မှတ်ရေးထိုးထားပြီး ခန့်မှန်းခြေ အင်အားလေးထောင်ကျော် ရှိသည်။

7 Day Daily

No comments:

Post a Comment