Monday, October 27, 2014

သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းရန် အစိုးရကို SSPP/SSA စာပို့တောင်းဆို

ယခုလ ပထမပတ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုကော်မတီက အစိုးရနှင့် ထပ်မံ ဆွေးနွေးရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ထံသို့ စာပေးပို့ တောင်းဆိုထားကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစဝ်ခွန်စိုင်းက ပြောကြားသည်။
အစိုးရက တောင်းဆိုထားသည့် တပ်နေရာ ပြန်လည်ချထားရေးနှင့် ပတ်သက်သည့် အချက်လေးချက်ကို SSPP/SSA ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အချို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် ထပ်မံဆွေးနွေးရန် ယင်းသို့ စာပို့ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရ၏ အဆိုပြုချက် လေးချက်အပြင် SSPP/SSA ရှေ့လုပ်ငန်းစဉ်များကို နှစ်ရက်အကြာ ဆွေးနွေးခဲ့ပြီးနောက် အစိုးရနှင့် ထပ်မံတွေ့ဆုံရန် အကြောင်းကြားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မနေ့က အီးမေလ်းကနေ တစ်ဆင့် အကြောင်းကြားထားတယ်။ သူတို့ အဆင်ပြေမယ့်အချိန် တွေ့ဖို့ အကြောင်းပြန်ပါလို့ ပို့ထား တယ်။ နှစ်ဖက် အလျှော့အတင်း လုပ်ရမယ့် ကိစ္စတွေ ရှိနေတယ်” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အစိုးရနှင့် ဆွေးနွေးမှု မပြုရသေးမီ ဗဟိုကော်မတီအတွင်း ဆုံးဖြတ်ချက်များကို ထုတ်ပြန်ပြောဆိုမှု မပြုနိုင်ကြောင်း ၎င်းက ထပ်လော င်း ပြော ကြား သည်။

ရှမ်းပြည်နယ်အတွင်း SSPP/SSA နှင့် အစိုးရတပ်မတော်တို့ အောက်တိုဘာလဆန်းပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တွင် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် SSPP/SSA ကိုယ်စားလှယ်များ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး ဆွေးနွေးခဲ့သော်လည်း အစိုးရ၏ အဆိုပြုချက်များကြောင့် တိကျသော သဘောတူညီမှု မရရှိခဲ့ကြောင်း SSPP/SSA ထံမှ သိရသည်။

နယ်မြေအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းညှိနှိုင်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့ရေး၊ ဆက်ဆံရေးရုံး အဆင်ြ့မှင့် တိုးချဲ့ဖွင့်လှစ်ရေး၊ ဆက်ဆံရေး ချထားခြင်းဖြင့် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ဆွေးနွေးသွားရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် အချက်လေးချက်ကို အစိုးရက အဆိုပြုခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

အောက်တိုဘာလ ပထမပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် တာဖောင်ဆောင် တံတားအနီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးတာဝန် လဲလှယ်သော တပ်မတော်စစ်ကြောင်းနှင့် SSPP/SSA တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ယင်းနောက် အစိုးရ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့် အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် တာဖာဆောင် တံတားအနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရေးထိုးထားသည်။

Yangon Media Group

No comments:

Post a Comment