Friday, October 24, 2014

အစိုးရ၏ နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြန့်ကြာဟု UNFC ဆို

အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်ဟံသာက ပြောကြားသည်။



အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သော UNFC အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

အစိုးရအနေနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ပြောနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် တန်းတူခြင်း၊ တရားမျှတခြင်း မရှိသည့်အပြင် နောက်ပြန် ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ လိပ်ခဲတည်းလည်း ဖြစ်နေကြောင်း UNFC ၏ ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စစ်ဆင်ရေးများ စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း၊ အခြားသော ပြည်နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှု များကို အသာစီးယူ လုပ်ဆောင်လျက် ရှိသည်ကို တွေ့မြင်နေရကြောင်း၊ ယင်းကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိ၊ မရှိ သံသယ ဖြစ်လာနေရကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးဆွေးနွေးပွဲများကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်သာ လမ်းညွှန်ထားခြင်းကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဦးတည်ချက် ပြောင်းလဲခြင်းရှိမည် မဟုတ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာMPC အဖွဲ့ဝင်တစ်ဦးကဆိုသည်။
“ဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့ကလည်း စားပွဲဝိုင်းမှာပဲ ဖြေရှင်းဖို့ကို ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT တို့ ခြောက်ကြိမ်တိုင် တွေ့ဆုံထားသော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူ ခြောက်ချက် အပါအဝင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ သဘောတူညီမှု မရှိခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူ ခြောက်ရပ်ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါဆောင်ရွက်ရန် ဆိုသည့်အချက် အပါအဝင် အချို့အချက်များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အဟန့်အတား ဖြစ်နေစေသည်ဟု တိုင်းရင်းသား လက်နက်ကိုင်များဘက်က ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment