Saturday, November 8, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီး နိုဝင်ဘာ ၉ ရက်တွင် မုန်တိုင်းမှာ လုံးဝပျက်ပြယ်သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆ဝ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၁ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ကြောင်းနှင့် အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် အားပျော့သွားပြီဖြစ်ကြောင်း သိရသည်။

“မုန်တိုင်းက cell နှစ်ခုကွဲသွားပြီ။ cell တစ်ခုက အိန္ဒိယဘက်ကို ဆက်ရွေ့လျားနေတယ်။ အားပျော့သွားတဲ့အတွက် အိန္ဒိယကိုဝင်ရင်တောင် အားတော်တော်ပျော့သွားပြီ။ ဘင်္ဂလားပင်လယ်အော်မှာ ကျန်ခဲ့တဲ့တစ်ခုကလည်း အားပျော့သွားပြီ။ ဒါကြောင့် နှစ်ရက်အတွင်း မုန်တိုင်းပျက်ပြယ်သွားနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါမုန်တိုင်းကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးကြီးခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းခဲ့ကြောင်း သိရသည်။

မုန်တိုင်း၏အရှိန်ကြောင့် ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ရိတ်သိမ်းပြီးစပါးများ မိုးမိခြင်း၊ မရိတ်သိမ်းရသေးသည့် လယ်မြေများအတွင်းရှိ စပါးခင်းများ ပျက်စီးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းမှ ခွဲထွက်လာသော တိမ်တိုက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် နိုဝင်ဘာ ၅ ရက်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းအင်းစိန်မြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင်လည်း လေဆင်နှာမောင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Eleven

No comments:

Post a Comment