Saturday, November 8, 2014

အမြန်လမ်းပေါ်တွင် အုပ်စုဖွဲ့လုယက်ရန် ကြိုးပမ်းမှုများဖြစ်ပေါ်

အာဆီယံထိပ်သီးအ စည်းအဝေးအတွက် နေပြည် တော်တွင် လုံခြုံရေးအပြည့် ဆောင်ရွက်နေချိန် အစည်း အဝေးကျင်းပရန် သုံးရက်အလို၌ ရန်ကုန်-မန္တလေး အမြန်လမ်းမ ပေါ်တွင် ကားအချို့ကို အုပ်စုဖွဲ့ လုယက်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၆ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ်(၉၉) အနီးတွင် အမျိုးသားတစ်ဦးက အ မြန်လမ်းပေါ်ရပ်၍ ကားကို ပေါက်တူးဖြင့် လွှဲရိုက်ကာ လုယက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူ ကိုသီဟထွန်း က ပြောသည်။ ၎င်းက အနီးဆုံး ရဲကင်းဖြစ်သော မိုင်တိုင်(၉၄)ရှိ အမြန်လမ်းရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့သည်။ အဆိုပါရဲကင်းတွင် တာဝန်ကျရဲသားတစ်ဦးသာ ရှိပြီး၎င်းက လုယက်ရန်ကြံစည်သူများကို လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ကိုသီဟထွန်းက ပြောသည်။

‘‘လမ်းလယ်မှာ လူတစ်ယောက် ကျောပေးရပ်နေတာကို အဝေးက လှမ်းမြင်တော့ မိန်းမကို မေးတယ်။ အရှေ့က လမ်းလယ်က လူလား မသိဘူးဆိုတော့ မိန်းမက လူတဲ့။ ဒါနဲ့ အရှိန်လျှော့ပြီး ကားကို မောင်းချိန် ကားနဲ့အဲဒီလူနဲ့ ကပ်သွားချိန်မှာ ပေါက်တူးနဲ့ ကားကို လွှဲပြီးအရမ်းမှာ ကားကိုအရှိန်မြှင့် မောင်းထွက်လိုက်တော့ လွတ်သွားပါတယ်။ အဲဒီလူရဲ့ဘေးမှာ လူတစ်ယောက်ရှိတယ်။ တစ်ဖာလုံလောက်မှာ လမ်းလယ်ပလက်ဖောင်းမှာ လူသုံးယောက် လမ်းရဲ့ ညာဘက်လမ်းဘေးမှာ လူနှစ်ယောက်ရှိနေပါတယ်။ အကယ်၍သာ ကားတစ်ခုခုဖြစ်ရင် လုဖို့အရန်သင့်လုပ်နေပုံပါ’’ ဟု ကိုသီဟထွန်းက ပြောသည်။ ကိုသီဟထွန်းက ရဲကင်းသို့ ဝင်၍ အသိပေးနေချိန်တွင် ၎င်းတို့၏ နောက်တွင်ပါလာသည့် ကားငါးစီးလည်း လုယက်ရန် ကြံစည်ခံခဲ့ရကြောင်း ပြောသည်။

‘‘ကျွန်တော့်နောက်က ADVan လည်း ထိုနည်းတူ အလုပ်ခံရပြန်တယ်။ သူလည်း ကံကောင်း စွာလွတ်သွားတယ်။ အရှိန်လျော့ပြီး သူ့ကားကိုမေးတော့ သူလည်းကံကောင်းသွားတယ်။ ကားကိုဖြည်းဖြည်းမောင်း ရဲကင်းကိုရှာတော့ ၉၅ မိုင်မှာ တွေ့ပါတယ်။ရဲကိုဆင်းပြီး ပြောတော့ ရဲက ၃ မိနစ်ဝန်းကျင်မှာ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ ထိုနေရာကို လိုက်သွားပါတယ်။ ရဲထွက်သွားချိန်မှာ ပရာဒိုတစ်စီးနဲ့ ၁ မိနစ်လောက်အကြာမှာ ဖင်ကောက်တစ်စီး ထပ်ရောက်လာပါတယ်။ ပရာဒိုသမားကတော့ သူ့ကားကို ပေါက်တူးနဲ့ခုတ်တာ ဆွဲရှောင်တာ ကားတိမ်းမှောက်မလို ဖြစ်သွားတယ်တဲ့။ ဖင်ကောက်သမားကတော့ သူ့ကားကိုပေါက်တူးနဲ့ ချိန်ရွယ်မှာကားရပ်လိုက်ပြီး ဆင်းလိုက်ပါတယ်။ သူ့ကားမှာ မောင်းသူအပါအ၀င် အားလုံးယောက်ျား ရှစ် ယောက်ပါပါတယ်။ ဆင်းလာတဲ့လူများတော့ လမ်းရဲ့ ဘယ်ဘက်ကိုင်းတောထဲ ထွက်ပြေးပါတယ်တဲ့။ အားလုံး အံကောင်းခဲ့ပါတယ်။ရဲသားပြန်လာချိန်မှာ လူတစ်ယောက်မှ မတွေ့တော့ပါဘူးတဲ့’’ဟု ကိုသီဟထွန်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘လှည့်ကင်းတွေ ဝပ်ကင်း တွေနဲ့ ဆောင်ရွက်နေတယ်။ မိ အောင်ဖမ်းဖို့ လုပ်နေတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး ရဲမှူးကြီးနေဝင်းက နိုဝင်ဘာ ၇ ရက် ညက ပြောသည်။

အမြန်လမ်း ရဲကင်းတွင် ည အချိန် ရဲတပ်သားတစ်ဦးတည်း ရှိနေခြင်းမှာ လုံခြုံရေးကင်းလှည့် နေခြင်းကြောင့်ဖြစ်ပြီး အခင်းဖြစ် ပွားသည့် နေရာအနီးတွင်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်းပြောသည်။ ထို့အပြင် ၎င်းအနေဖြင့် ကာယကံရှင် ယာဉ် မောင်းနှင့် ဆက်သွယ်ကာ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်း၍ ထိထိ ရောက်ရောက် ဖြေရှင်းသွားမည် ဟုဆိုသည်။

ကိုသီဟထွန်းက ထိုအကြောင်းအရာ ဖြစ်သည်နှင့် တစ်ပြိုင်နက် အမြန်လမ်း အရေးပေါ်ဖုန်းနံပါတ် ၁၈၈၀ သို့ ဆက်သွယ်ခဲ့သော်လည်း Call Center ဖြစ်နေသည်ဟု အကြောင်းပြန်၍ ပြန်လည်ဆက်သွယ်မည်ဟု တုံ့ပြန်ကြောင်းပြောသည်။ သို့သော် နိုဝင်ဘာ ၇ ရက်အထိ ၎င်းထံ ပြန်မဆက်သွယ်တော့ကြောင်း ကိုသီဟထွန်းကပြောသည်။

အမြန်လမ်း ပုံမှန်အသုံးပြု နေသူ ဆောက်လုပ်ရေးလုပ်ငန်း ကိုဇော်လွင်ဝင်းက အမြန်လမ်း ပေါ်တွင် လုယက်မှုဖြစ်ပွားမှုနှင့် ခရီးသည်များ၏ လုံခြုံရေးအတွက်ယခုလိုသုံးသပ်သည်။

‘‘ဒီလိုအချိန်မှာတော့ အမြန် လမ်းမကြီးလိုနေရာမှာ ဒါမျိုး မဖြစ်သင့်ဘူးပေါ့။ ရဲတပ်ဖွဲ့အ နေနဲ့ ဒါထက်ပိုပြီး လုံခြုံရေးကို ဂရုစိုက်စေချင်တာ။ ၁၈၈၀ ကို ဖုန်းဆက်တာ ချက်ချင်းတုံ့ပြန်မှုမရ ဘူးဆိုတာမျိုးပေါ့။ နိုင်ငံခြား ဧည့် သည် တစ်ဦးဦး ဒီလိုဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အခုလို Operator ဆီကိုရောက်၊ အဲဒီက နေ တစ်ဆင့် ရဲစခန်းကိုဆက်ပေး၊ တစ်နေရာရာက ချို့ယွင်းတာနဲ့ လုံခြုံရေးအတွက် တုံ့ပြန်မှုမရတာ မျိုးဟာ ခရီးသွားတွေအတွက် ကူ သူမဲ့၊ ကယ်သူမဲ့တဲ့ ဘ၀မျိုးဖြစ် စေပါတယ်’’ဟုဆိုသည်။

7Day Daily

No comments:

Post a Comment