Monday, November 24, 2014

ပလက်ဖောင်း မရှိ၊ ကားပါကင် မရှိ၊ အဆင့်မီလမ်းစနစ်တွေ မရှိနဲ့ ရန်ကုန်မြို့ပြရဲ့ ယာဉ်ကြောကျပ်မှုပြဿနာ အခြေအနေဆိုးလာမလား

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ တစ်နေ့တခြား ပိုမိုဆိုးရွားလာသည်။ ဖြေရှင်းရန်ကြိုး ပမ်းနေသည့် ပြဿနာတစ်စတစ်စ ကြီးထွားလာ၍ ယင်းအထဲတွင် လုံးလည်ချာလည်လိုက်နေသည်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် သွားရေးလာရေး ထိခိုက်ရုံသာမက နေ့စဉ်လူနေမှုဘဝများကိုပါ ရိုက်ခတ်လာခဲ့သည်။

ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရပြီး အချိန်နှင့်လှုပ်ရှား ရုန်းကန်နေရသူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနေသူများ၊ ဆက်နွှယ်နေသူများပါ စီးပွားရေးထိခိုက်လာကြသည်။ တစ်နေ့လျှင် ပုံမှန် ၁ဝ ခေါက်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများ ယခုတစ်နေ့လျှင် ငါးခေါက်ပင် အနိုင်နိုင်ပြေးဆွဲလာရပြီး ဝင်ငွေများလျော့နည်းလာသည်ဟု ညည်းညူနေကြသည်။

မြန်မာနိုင်ငံ၏ ယာဉ်တင်သွင်းမှုမူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ပြည်ပမှ ယာဉ်အသစ်များစွာ ဝင်ရောက်လာသည်။ လမ်းစနစ်များ၊ ယာဉ်ရပ်နား နေရာများ အဆင်သင့် မဖြစ်သေးသည့်အချိန်၌ ဝင်ရောက်လာသော ယာဉ်များအတွက် နေရာမပေးနိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှုများ နှစ်ပိုင်းအတွင်း ဆိုးရွားလာခဲ့သည်။

ယင်းပြဿနာကို ကုစားဖြေရှင်းရန် ခုံးကျော်တံတားများ ဆောက်လုပ်မည်ဟု ၂ဝ၁၁ ခုနှစ်ကုန်ပိုင်းက စတင်စီစဉ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်သည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေအဝိုင်းငါးခွဆုံတို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်သွားမည်ဟု ယခင်စက်မှုဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် ယာဉ်သွားလာမှုစစ်တမ်းများ ကောက်ယူခဲ့ရာတွင် တာမွေအဝိုင်း ငါးခွဆုံမှာ ခုံးကျော်တံတားဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် ယင်းနေရာတွင် မဆောက်တော့ဘဲ ကျန်နေရာသုံးခုတွင်သာဆောက်ရန် ဆက်လက်စီစဉ်ခဲ့ပြီး လှည်းတန်းခုံးကျော်တံတားကို နာမည်ကြီး ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင်ခုံးကျော်တံတားကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင်ခုံးကျော်တံတားကို FMI ကုမ္ပဏီတို့ကို ဆောက်လုပ်ခွင့်ပေးခဲ့သည်။

ယင်းတို့အနက်မှ ပထမဆုံးအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်၍ စတင်ဆောက်လုပ်ခဲ့ပြီး ဘုရင့်နောင်ခုံးကျော်တံတားကို ၂ဝ၁၃ ခုနှစ် ဇွန်လ၊ ရွှေဂုံတိုင်ခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတို့တွင် အသီးသီး ပန္နက်တင်ကာ စတင်ဆောက်လုပ်ခဲ့သည်။

မဆောက်မီက လေးလအတွင်း ဆောက်လုပ်မည်ဟု ပြောကြားခဲ့သော်လည်း လှည်းတန်းခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှသာ စတင်အသုံးပြုနိုင် ခဲ့ကြောင်း၊ ဘုရင့်နောင်ခုံးကျော်တံတားအား ၂ဝ၁၂ ဇွန်လတွင် စတင်ပန္နက် တင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလမှသာ စတင်အသုံးပြုနိုင်ခဲ့ ကြောင်း၊ ရွှေဂုံတိုင်ခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပန္နက်တင်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှသာ စတင်အသုံးပြုခွင့်ရခဲ့သည်။

ခုံးကျော်တံတားများ ဆောက်လုပ်စဉ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၏ နေရာယူမှုများကြောင့် ပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ခုံးကျော်တံတား တည်ဆောက်ပြီးပါက ယာဉ်ကြောပိတ်ဆို့မှုများ အထိုက်အလျောက် ပြေလည်လာနိုင်မည်ဟု ခရီးသွားပြည်သူများ မျှော်လင့်ခဲ့ကြသော်လည်း ခုံးကျော်တံတားများ ပြီးစီးသည့်အချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ဒုံရင်းမှဒုံရင်းပင် ဖြစ်လာခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ဒုံရင်းပင်ဖြစ်လာရသည့် အကြောင်းရင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးမည့် ခုံးကျော်တံတား စီမံကိန်းများ ရေးဆွဲသည့်အပေါ်တွင် စနစ်တကျ သုတေသနပြုလုပ်ထားမှုမရှိခြင်း၊ ခုံးကျော်တံတားစီမံကိန်းမှာ ယာဉ်အစီးရေ မည်မျှအပေးတွင် အကျိုးသက်ရောက်မှုရှိမည်ကို ကြိုတင်တွက်ချက်ထားမှု အားနည်းခြင်းများနှင့် ကျွမ်းကျင်ပညာရှင်များနှင့်မဟုတ်ဘဲ နီးစပ်ရာများကိုသာ ဆောက်လုပ်ခွင့်ပေးခဲ့ခြင်းကြောင့် ဆောက်လုပ်စဉ်က ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့ပြီး ဆောက်လုပ်ပြီးသည့်အခါတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရဆဲပင်ဖြစ်ကြောင်း သုံးသပ်နေကြသည်။

ထပ်မံ၍ မြေနီကုန်းခုံးကျော်တံတားကို ထပ်မံဆောက်လုပ်နေပြီး ၂ဝ၁၅ မတ်လကုန်တွင် အပြီးတည်ဆောက်ရမည်ဟု ညွှန်ကြားထားသည်ဟု ဆိုသည်။ သို့သော် ယင်းခုံးကျော်တံတားမှာလည်း ယာဉ်ကြောပိတ်ဆို့မှုကို မည်သို့ကုစားပေးနိုင်မည်ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

“ခုံးကျော်တံတားတွေက ဆောက်တာတွေပဲရှိတယ်။ အမှန်တကယ် ကားကျပ်တဲ့ပြဿနာတွေကို ဘာမှမဖြေရှင်းနိုင်တဲ့အပြင် သူတို့တွေလုပ်ဆောင်နေတဲ့ ကာလအတွင်းမှာဆိုရင် ပိုပြီးတောင် ကားကျပ်တာတွေ ဆိုးနေသေးတယ်။ အခုက ရန်ကုန်မြို့ရဲ့ မြို့ထဲတွေမှ မဟုတ်ဘူး။ နေရာတော်တော်များများတွေမှာကို ကြပ်နေတာ။ တစ်နေ့တစ်နေ့ လမ်းမှာပဲ အချိန်ကုန်နေရတယ်။ နောက်ပြီး ကားတွေရပ်စရာမရှိတော့ လမ်းကြားထဲဝင်ပြီး ကားနှစ်ထပ်ပိတ်ရပ်ကြတာတွေက တော်တော်ဆိုးလာတယ်။ ကားသုံးစီးလောက် သွားလို့ရတဲ့ လမ်းတွေကလည်း စည်းကမ်းမရှိ ရပ်တဲ့ကားတွေကြောင့် နှစ်စီးလောက်ပဲ သွားလို့ရမယ်။ ရန်ကုန်လို မြို့လယ်ကောင်မှာ ကားပါကင်တွေ အလုံအလောက်မရှိတော့ ပိုဆိုးတာပေါ့။ ဘယ်လောက်ပဲ တာဝန်ရှိသူတွေက လုပ်ပေးလုပ်ပေး ဒီလိုမျိုးတွေဖြစ်နေသမျှ ကာလပတ်လုံးက ဒီပြဿ နာက ဆက်ပြီးဖြစ်နေဦး မှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးလှိုင်ကိုကိုက သုံးသပ်ပြောကြားသည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့တွင်း လမ်းအတော်များများတွင် ယာဉ်မရပ်ရလမ်းများ သတ်မှတ်၍ ရပ်သည့်ယာဉ်များကို ကရိန်းဖြင့်ဆွဲယူသည့် အစီအစဉ်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အဓိကလမ်းမကြီး ၃၇ လမ်းတွင် စတင်ခဲ့သည်။

မူလကတည်းက ယာဉ်ရပ်နားရန် နေရာအလုံအလောက်မရှိဘဲ လမ်းမများတွင် ယာဉ်ရပ်နားခြင်းကို ကန့်သတ်လိုက်သည့်အတွက် ယာဉ်များက နီးစပ်ရာလမ်းသွယ်များထဲတွင် ဝင်ရောက်ရပ်နားကာ အဆိုပါလမ်းသွယ်များထဲတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာသည်။ လမ်းထဲရှိ အိမ်စီးကားများပင် ရပ်နား၍မရနိုင်လောက်အောင် ဆိုးရွားလာ၍ အချို့က သက်ဆိုင်ရာသို့ တိုင်ကြားမှုများပင်ရှိသည်ဟု သိရသည်။

“ကျွန်မတို့လမ်းထဲမှာ အရင် ကားအရမ်းမပိတ်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကားတွေအရမ်းပိတ်လာတယ်။ အချိန်တော်တော်ကြာအောင် ပိတ်တာပါ။ ကျွန်မတို့ကားတောင် အောက်မှာရပ်ဖို့ နေရာမရှိဘူး။ တစ်နေ့လည်းမဟုတ်ဘူး။ နေ့စဉ်ရက်ဆက်လို ဖြစ်လာတာ။ အဲဒီလိုဖြစ်လာရတာ ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ပိုဆိုးလာတာပါ။ အဲဒီအတွက် ဒီပြဿနာကိုဖြေရှင်းပေးဖို့ တင်ပြထားတယ်” ဟု ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယာဉ်ကြောရှင်းစေရန် ပြုလုပ်သည့်စနစ် ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ဆိုးရွာစွာ ယာဉ်ကြောသွားရောက်ပိတ်ဆို့မှုကြောင့် ယင်းစနစ်မှာ အောင်မြင်မှုမရရှိခဲ့ပေ။ သို့သော်လည်း ယင်းသို့ ယာဉ်မရပ်ရလမ်း ၃၇ လမ်းကို ထပ်မံတိုးချဲ့ခဲ့ကာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ယာဉ်မရပ်ရလမ်း ၂ဝ အားလည်းကောင်း၊ တတိယအကြိမ် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် လမ်း ၁ဝ လမ်းအားလည်းကောင်း၊ စတုတ္တအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် မေ ၆ ရက်တွင် လမ်း ၁ဝ လမ်းအားလည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန် ၁ဝ ရက်တွင် လမ်း ၅ လမ်း၊ ဆဋ္ဌမအကြိမ်အဖြစ် နောက်ထပ် လမ်း ၆ လမ်း ထပ်မံသတ်မှတ်ခဲ့ပြီး နောက်ဆုံးအဖြစ် နိုဝင်ဘာလအတွင်း ယာဉ်မရပ်ရလမ်း ခုနစ်လမ်း ထပ်မံသတ်မှတ်လိုက်၍ ယာဉ်မရပ်ရလမ်း ၉၅ လမ်းအထိ ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းအတော်များများတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ မြို့ပြင်ရှိလမ်းအချို့ပင် ပါဝင်လာခဲ့သည်။

ယာဉ်မရပ်ရ သတ်မှတ်သည့်လမ်းများတွင် ခရီးသည်အတင်အချ ပြုလုပ်ရန်မှတစ်ပါး မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုဘဲ ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့်ဆွဲယူကာ ဒဏ်ငွေဖြင့်အရေးယူကြောင်း၊ ယင်းစနစ်စတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်အထိ ယာဉ်အစီးရေ ၁၃၅ဝဝ ကျော်အရေးယူခဲ့ပြီး ဒဏ်ငွေကျပ်သန်း ၃၁ဝဝ ကျော်ရရှိခဲ့ကြောင်း၊ အရေးယူသည့် ဒဏ်ကြေးအနေဖြင့် ယာဉ်တစ်စီး ကျပ်နှစ်သောင်းခွဲသာ ရှိသော်လည်း ကရိန်းဖြင့်ဆွဲယူခမှာ တစ်စီးကျပ်ငါးသောင်းနှင့်အထက် ပေးဆောင်ရ၍ ကရိန်းလုပ်ငန်း လုပ်ကိုင်သူများသာ ပိုမိုအကျိုးဖြစ်ထွန်းနေသည့်ပုံစံမျိုးပင် ဖြစ်နေသည်။

ကရိန်းဖြင့်ဆွဲယူ၍ အရေးယူရာတွင်လည်း ဖမ်းဆီးအရေးယူခံသည့်နေရာနှင့် အနီးဆုံးယာဉ်ထိန်းရုံးတွင် ဒဏ်ရိုက်ရမည့်အစား ၅၁ လမ်းယာဉ်ထိန်းရုံးသို့ သွားရောက်ရွေးယူ ဒဏ်ကြေးဆောင်ရသည့်အတွက် အချိန်ကြန့်ကြာမှုများ ပြဿနာများရှိကာ ငွေကြေးလည်းပိုမိုကုန်ကျသည်ဟု ဖမ်းဆီးအရေးယူခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များက ဆိုကြသည်။

“နေပြည်တော်ကို မြို့တော်အဖြစ်ပြောင်းသွားတော့ ရန်ကုန်ကို မြို့ပျက်ကြီးအဖြစ် ထားပစ်ခဲ့တာ။ အဲဒီတော့ လူကြီးတွေမရှိတော့ဘူး ဘာညာဆိုပြီးတော့ ဖြစ်သလိုလုပ်သွားတာ။ အဲဒါကြောင့်မို့လို့ အခုလို ဖြစ်ပျက်နေတာ။ ယာဉ်စည်းကမ်းကအစပေါ့။ အစတုန်းက ယာဉ်စည်းကမ်း အရမ်းတင်းကျပ်ပြီး စည်းကမ်းရှိတဲ့မြို့တစ်မြို့က အခုဆိုရင် စည်းကမ်းယိုယွင်းသွားပြီးတော့ အခုယာဉ်မောင်းအားလုံးက လုံးဝအရည်အချင်း မမီတော့ဘူး။ အဓိက,က အဲဒါတွေအားလုံးက ဘယ်သူ့မှာအပြစ်ရှိလဲဆိုတော့ ယာဉ်မောင်းအားလုံးမှာလည်း ပြစ်ချက်ရှိတဲ့အပြင် အုပ်ချုပ်တဲ့သူတွေမှာလည်း အပြစ်ပိုရှိတယ်။ အဲဒါတွေကြောင့် ရန်ကုန်မြို့ကြီးမှာ ကားကျပ်တဲ့ပြဿနာ က တော်တော်လေးကို ဆိုးရွားလာတာပေါ့။ ယာဉ်မောင်းတော်တော်များများကလည်း စည်းကမ်းမရှိသလို၊ အုပ်ချုပ်ရေးအပိုင်းကလည်း လိုအပ်နေတဲ့အတွက် ဒီလိုအခြေအနေမျိုး ဖြစ်လာတာ။ စည်းစနစ်တကျသာ ရှိမယ်ဆိုရင် ယာဉ်ကျပ်ရင်တောင်မှ သူဟာနဲ့သူ အဆင်ပြေနိုင်တယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးဖြစ်သူ ဦးရဲမြင့်က ပြောကြားသည်။

ရန်ကုန်မြို့၏လမ်းများ ပြုပြင်ခင်းကျင်းရာတွင် အောက်ခံရှိပြီးသား ပျက်စီးနေသည့်အလွှာကိုလှန်ပြီး ထပ်ခင်းခြင်းမျိုးမဟုတ်ဘဲ ပျက်စီးနေသော အလွှာအထက်မှ ထပ်မံခင်းခြင်းကြောင့် လမ်းမျက်နှာပြင်များ မြင့်လာသည်။ ထို့ကြောင့်မိုးရွာလျှင် ရေများအိမ်ထဲသို့ဝင်လာသည်။ အပေါ်က ထပ်ခင်းခြင်းဖြစ်၍ လမ်းနံဘေးပလက်ဖောင်းများ မရှိတော့။ လူအများအတွက် လမ်းနံဘေးလျှောက်စရာ ပလက်ဖောင်း . . . . .

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအား JICA နှင့် အကောင်အထည်ဖော်ရန် JICA က လေ့လာမှုများ ပြုလုပ်ရာ၌ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းတွင် ယာဉ်ရပ်နားနေရာ အလုံအလောက် မရှိခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုခဲ့သည်။ အမှန်တကယ်လည်း ရန်ကုန်မြို့တွင် ယာဉ်ရပ်နားနေရာ အလုံအလောက်မရှိဘဲ များစွာလိုအပ်နေသည်။ ထိုပြဿ နာကိုဖြေရှင်းရန် ရန်ကုန်မြို့တွင်းရှိ အနော်ရထာ၊ ဗိုလ်ချုပ်၊ သိမ်ဖြူ၊ မဟာဗန္ဓုလ၊ ကမ်းနားလမ်း စသည့်လမ်းများတွင် အခမဲ့ယာဉ်ရပ်နားနေရာများ ပြုလုပ်ခဲ့သည်။

သို့သော် အဆင်မပြေသေး။ အရင်ထက်တော့ ယာဉ်ရပ်နားရန်နေရာ အနည်းငယ်ပိုရလာသည်။ သို့သော် အချို့ယာဉ်ရပ်များမှာ အချိန်ကြာမြင့်စွာ ရက်ဆက်ရပ်နားထားခြင်းများကြောင့် အမှန်တကယ်ရပ်နားချင်သည့်ယာဉ်များ ရပ်နားခွင့်မရ၊ ထို့ပြင် အချို့နေရာများ၌ ဓာတ်တိုင်များ၊ သစ်ပင်များ ခံနေခြင်းကြောင့်လည်း အပြည့်အဝရပ်နားခွင့် မရရှိခဲ့ဘဲ ချဲ့ပေးသည့်နေရာတွင် ဈေးတက်ရောင်းသည့် လမ်းဘေးဈေးသည် အချို့ကြောင့်လည်း ယာဉ်အပြည့်အဝရပ်နားခွင့် မရရှိခဲ့ကြပေ။

အလားတူ အချို့မြို့နယ်များရှိ လမ်းများတွင်လည်း လူနေတိုက်ခန်းများ သိသာစွာများပြားလာပြီး ယာဉ်ဝင်ထွက်မှုများပြားကာ ပိတ်ဆို့လာခြင်းကြောင့် ယခင်နှစ်လမ်းမောင်းမှ ယခုတစ်လမ်းမောင်းသို့ ပြောင်းလဲလိုက်ရသည့်လမ်းများလည်း ရှိသည်။ အဆိုပါကိစ္စများတွင် အရေးကြီးဆုံးမှာ ယာဉ်ရပ်နားရန်နေရာပင် ဖြစ်သည်။

ရန်ကုန်မြို့တွင် ယာဉ်ရပ်နားနေရာများ အကောင်အထည်ဖော်ရန် မြေနေရာ၊ ဘဏ္ဍာငွေ၊ အခြေခံအဆောက်အအုံ၊ နည်းပညာ မပြည့်စုံသေးပေ။ ယင်းအခက်အခဲများကြောင့် ယာဉ်ရပ်နားနေရာများပြုလုပ်ရန် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဆိုသည်။

ယာဉ်အစီးရေများစွာ ရပ်နားနိုင်သည့် နေရာကျယ်ကျယ် လုပ်မည်ဆိုလျှင်လည်း မြေပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုများမရှိ၍ မလုပ်နိုင်ဟုဆိုသည်။ အထူးသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၎င်းတို့စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေကွက်ကျယ်ကြီးများမရှိ၍ ကြီးကျယ်သည့် ယာဉ်ရပ်နားခစန်းမလုပ်နိုင်၊ ရှိသည့်မြေကွက်နှင့် အဆင့်မြင့်ယာဉ်ရပ်နားစခန်း၊ အထပ်မြင့်ယာဉ်ရပ်နားစခန်းများ အကောင်အထည်ဖော်ရန် တင်ဒါများခေါ်ယူထားရာ နိုဝင်ဘာ ၂၅ ရက်တွင် တင်ဒါရွေးချယ်တော့မည်ဟု ဆိုသည်။

အဆိုပါနေရာများတွင် ဗိုလ်တထောင် ၄၅ လမ်း၊ ကမာရွတ်လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်တို့ ပါဝင်သည်။ ဆိပ်ကမ်းသာရှိ စည်ပင်ပိုင်မြေတွင် ဆောက်လုပ်ရန်စီစဉ်ခဲ့သည့် ပထမဆုံး ၁၅ ထပ်အမြင့်ရှိ အထပ်မြင့်ယာဉ်ရပ်နားစခန်းမှာလည်း တည်ဆောက်မှုကို ကန်ထရိုက်တစ်ဦးက ကန့်ကွက်နေ၍ ဆောက်လုပ်မှုရပ်ဆိုင်းထားရသည်။ သို့ဖြစ်ရာ ယာဉ်ရပ်နားစခန်းများ ဆောက်လုပ်ရန်မှာလည်း လွယ်ကူသည့်အခြေအနေ မဟုတ်သေးဘဲ တင်ဒါခေါ်ထားသည့် ယာဉ်ရပ်နားစခန်းများသည်လည်း တည်ဆောက်မှု မည်မျှကြာမည်နှင့် မည်သည့်အချိန်တွင် အသုံးပြုနိုင်မည်ဆိုသည်မှာလည်း တိတိကျကျ မပြောနိုင်သေးသည့် အခြေအနေဖြစ်နေသည်။ ယခုထပ်မံ၍ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်လမ်း ယာဘက်ခြမ်းများရှိ ရှိပြီးသားကားပါကင်များကို ပြန်လည်ဖျက်သိမ်းမည်ဖြစ်ပြီး ယင်းသို့ဖျက်သိမ်းခြင်းမှာ ခရီးသည်တင်ယာဉ်များ ပိုမိုသွားလာနိုင်စေရန် ရည်ရွယ်သည်ဟုဆိုသည်။ မူလကတည်းက ကားပါကင်မလုံလောက်သည့်အထဲ ယခုထပ်မံ၍ ကားပါကင်များ ဖျက်သိမ်းမည်ဖြစ်ခြင်းကြောင့် ယာဉ်ရပ်နားရန်နေရာ အခက်အခဲများ ပိုမိုဖြစ်လာနိုင်မည်ဖြစ်သည်။

“အဓိက,ကတော့ ကားအစီးရေနဲ့ညီမျှတဲ့ ယာဉ်ရပ်နားစခန်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ အခု ရန်ကုန်မြို့မှာ ယာဉ်ရပ်နားစခန်းက မလုံလောက်သေးဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအကြံပေး ဦးသန်းက ပြောကြားသည်။

“ကားပါကင်တွေလိုအပ်မှု။ သူတို့အစကတည်းက Plan တစ်ခုလုပ်မယ်ဆိုရင် ကြိုတင်စဉ်းစားထားတာ ဘာတစ်ခုမှမရှိဘူး။ လုပ်ငန်းမကျွမ်းကျင်တဲ့သူတွေက နေရာအကြီးအကြီးတွေ ယူထားကြတယ်။ အဓိက,က အဲဒါပြဿနာပဲ။ နေရာတိုင်းမှာ လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်။ အဲဒါက အဓိကပဲ။ မတတ်ရင်ဌားကြပါ။ ဘောလုံးအသင်းမှာတောင် Trainer တစ်ယောက်ကိုဌားရင် ဒေါ်လာသန်းချီပေးပြီး ဌားရတယ်။ တတ်နေရင်တော့ မလိုဘူးပေါ့။ ဒါပေမယ့် ကိုယ်မတတ်တဲ့ကဏ္ဍတွေမှာ ငှားကြပါ။ ဒါမှလည်း အဆင်ပြေနိုင်မှာလေ။ နောက်ရှိသေးတယ် ယာဉ်မရပ်ရနေရာတွေမှာ ကားရပ်ရင် ကရိန်းတွေနဲ့ ဆွဲတာတွေပေါ့။ ဒါတွေက ဆေးမြီးတိုတွေပဲ။ ရောဂါပျောက်ချင်လို့ ဆေးမြီးတိုတွေနဲ့ လျှောက်လုပ်နေရင် ဦးပဲ့ထောင်မှာပဲ ပဲ့နင်းလည်းဦးထောင်မှာပဲ။ ကုန်ရကျိုးလည်းမနပ်ဘူး။ အဲဒါကြောင့် Master Plan တစ်ခုကို တကယ်တတ်ကျွမ်းနားလည်သူတွေနဲ့ပဲ တိုင်ပင်ဆွေးနွေးလိုက်တာ အကောင်းဆုံးပဲ” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးဖြစ်သူ ဦးရဲမြင့်က ဆက်လက်ပြောကြားသည်။

ထိုသို့အခြေအနေများကြောင့် ကားနှင့်လမ်းမမျှတမှုကို ဖြေရှင်းရန်မှာ ကားတင်သွင်းမှုမူဝါဒကို ပြန်လည်စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။ တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းခန့်တင်သွင်းနေပြီး တင်သွင်းသည့်ကားအစီးရေ၏ ရာခိုင်နှုန်း ၈ဝ မှ ၉ဝ ကြားမှာ ရန်ကုန်မြို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ယာဉ်အစီးရေ လေးသိန်းကျော်လာပြီဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် ကန့်သတ်သင့်ပြီဖြစ်သည်။ ရန်ကုန်မြို့ထက် အခြားလိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပိုမိုတင်သွင်းခွင့်ပေးသင့်သည်။သို့သော်လည်း အခြားပြည်နယ်နှင့်တိုင်းများတွင် ပြေးဆွဲရန်ဈေးကွက် မရှိခြင်းကြောင့်လည်းကောင်း၊ လိုင်စင်ကြေး သက်သာခြင်းကြောင့် နယ်လိုင်စင်လုပ်ပြီး ရန်ကုန်တွင်လာရောက် ပြေးဆွဲနေသာ အငှားယာဉ်၊ အခြားယာဉ်များလည်းရှိသည်။

အဆိုပါ နယ်လိုင်စင်ယာဉ်များမှာ ရန်ကုန်ယာဉ်အစီးရေ၏ သုံးပုံတစ်ပုံခန့်ရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန့်မှန်းထားပြီး ၎င်းတို့ကြောင့်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသည်ဟု ထင်မြင်ချက်များပေးနေသည်။ ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများသို့ ပြန်လည်ပြေးဆွဲရန် သတိပေးခဲ့ပြီး ပြေးဆွဲခြင်းမရှိ၍ အဖွဲ့များဖြင့် ပူးပေါင်းပိုက်စိပ်တိုက်ဖမ်းဆီးနေသည်။ ထပ်မံ၍ အဆိုပါ နယ်ကျော်ယာဉ်များကို ထိန်းချုပ်ရန် မြို့ဝင်ကြေးကောက်ခံမည့် အစီအစဉ်ကိုလည်း နိုဝင်ဘာ ၂၆ ရက်တွင် စတင်မည်ဖြစ်သည်။
ယင်းအစီအစဉ်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်ပြင်ပရှိယာဉ်များ စည်ပင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ပြေးဆွဲ အသုံးပြုပါက မြို့ဝင်ကြေးကို သတ်မှတ်နှုန်းထားများအတိုင်း တစ်ရက်နှုန်းဖြင့် ကောက်ခံမည်ဟု ကြေညာထားသည်။ ထိုသို့ကောက်ခံခြင်းဖြင့် မပေးဆောင်နိုင်သည့်ယာဉ်များ ပြန်လည်ထွက်ခွာကာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်ဟုဆိုသည်။ သို့သော်လည်း အောင်မြင်မှုရနိုင်မရနိုင် စောင့်ကြည့်ရမည်ဖြစ်သည်။

“ကားတင်သွင်းမှုကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ဒီလိုကားအစီးရေ တင်သွင်းမှုကိုလျှော့ချပြီး တစ်ဖက်ကလိုအပ်တဲ့ အခြေခံအဆောက်အအုံ ကဏ္ဍကိုသာ ဖြည့်ဆည်းပေးမယ်ဆိုရင် အဆင်ပြေနိုင်မယ့်သဘော ရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအကြံပေး ဦးသန်းက ဆက်လက်ပြောကြားသည်။

အလားတူ သွားလာရေးကဏ္ဍတွင် အရေးကြီးသည့်လမ်းများ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ၌လည်း ပြုပြင်မှုများလိုအပ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့၏လမ်းများ ပြုပြင်ခင်းကျင်းရာတွင် အောက်ခံရှိပြီးသား ပျက်စီးနေသည့်အလွှာကိုလှန်ပြီး ထပ်ခင်းခြင်းမျိုးမဟုတ်ဘဲ ပျက်စီးနေသော အလွှာအထက်မှ ထပ်မံခင်းခြင်းကြောင့် လမ်းမျက်နှာပြင်များ မြင့်လာသည်။ ထို့ကြောင့်မိုးရွာလျှင် ရေများအိမ်ထဲသို့ဝင်လာသည်။ အပေါ်က ထပ်ခင်းခြင်းဖြစ်၍ လမ်းနံဘေးပလက်ဖောင်းများ မရှိတော့။ လူအများအတွက် လမ်းနံဘေးလျှောက်စရာ ပလက်ဖောင်းမရှိတော့၍ လမ်းပေါ်တက်လျှောက်ရသည်။ လမ်းပေါ်တွင်လည်း ယာဉ်များရပ်နားထား၍ ယာဉ်အန္တရာယ်အတွက် များစွာစိုးရိမ်နေရသည်။ သို့ဖြစ်၍ လူသွားလမ်းပလက်ဖောင်းတွေ ပြန်လုပ်ပေးဖို့လိုသလို ပလက်ဖောင်းများတွင် ပိတ်ဆို့နေသော ဈေးသည်များအား စနစ်တကျ စည်းရုံးရှင်းလင်းရန်လည်း လိုအပ်နေသည်။

ရေမြောင်းစနစ်များ အားနည်းခြင်းကြောင့် ရေလျှံပြီးမြင့်တက်လာသော ရေများကြောင့် နှစ်စဉ်မိုးရေဒဏ်ကို ရန်ကုန်မြို့အနေဖြင့် အလူးအလဲ ခံနေရသည်။ တစ်နှစ်လည်းမဟုတ်တော့။ နှစ်စဉ်ဖြစ်နေသည်။ မိုးရွာလို့ရေကြီးပြီဆိုရင် ယာဉ်သွားလာမှုများလည်း ပိုမိုပိတ်ဆို့ကာ တစ်မြို့လုံး ချိတ်ဆက်ထားသည့် ကွန်ရက်များအားလုံး ရပ်တန့်ထားရသည့် အခြေအနေထိပင် ဖြစ်ပေါ်မှုများကို တွေ့ခဲ့ရသည်။ သို့ဖြစ်ရာ ရေမြောင်းများစနစ်များကို ယခုထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်သင့်ပြီး လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်ဘီလျံများစွာ အကုန်အကျခံသုံးစွဲရန် လျာထားသည့်အတွက် ပင်မစီမံချက်များရေးဆွဲကာ ထိရောက်စွာဖြေရှင်းသင့်နေပြီဖြစ်သည်။

ထို့ပြင် စနစ်မကျနသေးသော ခေတ်မီမှုမရှိတော့သည့် ရန်ကုန်မြို့၏ မီးပွိုင့်စနစ်များကို ပြုပြင်မည်ဖြစ်ပြီး ခြောက်လအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်လည်း ညွှန်ကြားချက်ရှိနေသည်ဟုဆိုသည်။ မီးပွိုင့်များကို အော်တိုအချက်ပြစနစ် အသုံးပြုကာ ဗဟိုစနစ်မှ ထိန်းချုပ်သည့်ပုံစံကို စတင်စမ်းသပ်သုံးစွဲနေပြီး ရှစ်မိုင်လမ်းဆုံတွင် အသုံးပြုရာ ယာဉ်ကြောပိတ်ဆို့မှုကို အနည်းငယ်သက်သာသွားသည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ မီးပွိုင့်များအားလုံး ချိတ်ဆက်တပ်ဆင်မည်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၄ဝ ကုန်ကျမည်ဖြစ်သည်။ ထိုစနစ်ကို မဖြစ်မနေ လုပ်ဆောင်မည်ဟုလည်းဆိုထားရာ အမှန်တကယ်ထိရောက်သည့် ဖြေရှင်းမှုမျိုးဖြစ်ပါက ယာဉ်ကြောပိတ်ဆို့မှုကို အနည်းငယ်သက်သာစေနိုင်မည် ဖြစ်သည်။

“ယာဉ်ကြောပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုအဆိုတင်သွင်းဖို့ ရှိပါတယ်။ အရင်တုန်းကလည်း နှစ်ခါလောက်တင်ဖူးတယ်။ သင်္ဃန်းကျွန်းမှာပဲ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စဆိုတော့လည်း ဆောင်ရွက်ပါ့မယ်ဆိုပြီး ကတိမတည်ဘူး။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး နောင် ၄၊ ၅၊ ၁ဝ နှစ်မှ အကောင်အထည်ပေါ်မယ့် စီမံကိန်းတွေချည်း တင်ကြတယ်။ အခုလောလောဆယ်ဖြစ်နေတဲ့ ပြဿနာကိုတော့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မလုပ်ကြဘူး။ အလုပ်ရုံဆွေးနွေးပွဲတွေကလည်း သီအိုရီတွေပဲပြောတယ်။ အခုက ခုံးကျော်တံတားတွေပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒါကိုလည်း ဘယ်လောက်အဆင်ပြေမလဲဆိုတာ စဉ်းစားရမယ်။ အခုက လူမမာက အသက်ငင်နေတုန်း ဆေးကျမ်းလှန်တဲ့အဆင့်ပဲ ရှိနေတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ခဲ့သည်။

သို့ဖြစ်ရာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအတွက် မည်သို့ဆက်လက်ဆောင်ရွက် ဖြေရှင်းမည်ကို မေးခွန်းထုတ်စရာဖြစ်နေပြီး စနစ်တကျပိုင်နိုင်စွာဖြေရှင်းရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်သင့်နေပြီဖြစ် သည်။ ထို့ပြင် လာမည့် ၂ဝ၂ဝ၊ ၂ဝ၃ဝ၊ ၂ဝ၄ဝ ခုနှစ်များတွင် တိုပွားလာမည့် လူဦးရေနှင့် ယာဉ်အစီးရေများအတွက် ကြိုတင်ဖြေရှင်းသင့်နေပြီဖြစ်သည်။

Eleven Media Group

No comments:

Post a Comment