Tuesday, November 4, 2014

အမျိုးသား စာပေဆု တစ်ခေတ်ဆန်းသင့် ပါပြီ

မြန်မာနိုင်ငံတွင် စာပေဆုများ အမျိုးမျိုးအစားစား ရခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးခေတ်၊ ဖဆပလ အစိုးရခေတ်ကဆိုလျှင် ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းသည့် ဘာသာပြန်စာပေ အသင်းကြီးကပေးသော စာပေဆုမှာ တစ်စုံတစ်ရာ ခန့်ငြားလေးစားထိုက်ဖွယ် ဆုဖြစ်ခဲ့သည်။ မြန်မာ့ ခေတ်ပေါ်စာပေဆု၏ နိဒါန်းဟူ၍လည်း သတ်မှတ်နိုင်သည်။ ယင်းဆုကို ၁၉၄၈ ခုနှစ်ကတည်းက ပေးခဲ့ပြီး
ကာလပေါ် ဝတ္ထုဆုဟု အမည်တွင်ခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် လည်းကောင်း၊ ၁၉၅၃ ခု၊ ၁၉၅၈ ခုနှစ်တို့တွင် လည်းကောင်း စာပေဆုအမျိုးအစား တိုးချဲ့ချီးမြှင့်လာခဲ့ရာ စာပေဆုအမျိုးအစား (၇) မျိုးအထိ ရှိခဲ့သည်။ ထိုစာပေဆုများနှင့် မရှေးမနှောင်းဆိုသလိုပင် ရှုမဝ တစ်ထောင်ဆု ဆိုသည်လည်း ရှိခဲ့သည်။ စာပေဗိမာန်စာပေဆုသည် အစိုးရနှင့် မကင်းသည့် အစိုး ရဩဇာ တစ်စုံတစ်ရာသက်ရောက်သည့် ရွေးချယ်ရေးအဖွဲ့များက ပေးသောဆုဖြစ်ပြီး ရှုမဝတစ်ထောင်ဆုသည်မူ လွတ်လပ်သော စာပေပညာရှင် များကိုယ်တိုင်က စိစစ်ရွေးချယ်ပြီးမှပေးသော စာပေဆုဖြစ်သည်။ ထိုစာပေဆုများသည် ၁၉၆၂ ခု၊ စစ်တပ်က တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း နိဋ္ဌိတံ သွားခဲ့ကြရသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ အာဏာရ အစိုးရကတိုက်ရိုက်စီစဉ်ဖွဲ့စည်းသည့် ပုဂ္ဂိုလ်များက စိစစ်ရွေးချယ်သည့် စာပေဆုများ ရှိလာရသည်။ အမည်နာမအရမူ အမျိုးသားစာပေဆုဟု အမည်တပ်သည်ငြားလည်း အမျိုးသားဂုဏ်သိက္ခာကို ကိုယ်စားပြုသည့်စာပေဆုများ မဟုတ်တော့ဟု အများက ယူဆ သတ်မှတ်ခံရသည်အထိ စာပေဆုများမှာ ဂုဏ်သိက္ခာ ထိခိုက်လာခဲ့ရသည်။ အစိုးရက တိုက်ရိုက်ချုပ်ကိုင်သည့် သဘောဖြစ်သဖြင့် အစိုးရ၏ ဆန္ဒသဘောထားများကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ထင်ဟပ်ဖော်ပြသော စာပေဆုများဖြစ် လာခဲ့ရသည်။ အထူးသဖြင့် အစိုးရ ဝါဒဖြန့်စာအုပ်များအဖြစ် အများပြည်သူတို့က သတ်မှတ်ကြကာ အထင်ကြီး လေးစားခြင်း လည်း လျော့ကျ လာခဲ့ရသည်။

၁၉၆၂ ခုနှစ်မှသည် ၂၀ဝ၀ ပြည့်နှစ်လွန် ကာလအထိ အမျိုးသား စာပေဆုဟူသည် အစိုးရအဆက်ဆက်၏ ဝါဒဖြန့်ချိရေးနှင့် နိုင်ငံရေးအရိပ်အယောင်
ကင်းမဲ့သော စာပေဆုများသည်သာ ဖြစ်သည်ဟု အများက ဆိုသည်။ စာပေနယ်ပယ်တွင်လည်း ဆုရသူများ ဆုရွေးချယ်သူများမှာ စာပေနယ်ပယ်ကို ကိုယ်စားပြုနိုင်လောက်သည့် ပုဂ္ဂိုလ်များ မဟုတ်ကြဘဲ ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်သည့် အစိုးရအဆက်ဆက်နှင့် ပလဲနံပသင့်သူ စာပေပညာရှင်များအဖြစ် အများကယူဆသတ်မှတ်ခြင်းကို ခံခဲ့ကြရသည်။ ဆုရရှိသူအများစုသည် ပြည်သူတို့ ကပေးသော အခွင့်အရေးကို မရနိုင်ခဲ့ကြဘဲ အစိုးရကပေးသော အခွင့်အရေးများဖြင့်သာ ကျင်လည် ရပ်တည်ရသည့် စာပေပညာရှင်များအဖြစ် ယေဘုယျ ယူဆခံခဲ့ကြရသည်။ ထိုစဉ်ကဆိုလျှင် အမျိုးသားစာပေဆုဆိုသည်မှာ ကိုယ်ပေးကိုယ်ဆုယူဟူ၍ပင် ဝေဖန်ရှုတ်ချခြင်း ခံခဲ့ကြရပါသည်။

မည်သည့်အတွက်ကြောင့် ယခင်က ပေးခဲ့သည့် အမျိုးသားစာပေဆုသည် အများပြည်သူတို့၏ ခန့်ငြားလေးစားမှု လက်လွတ်ခဲ့ကြရသနည်း။ အဘယ်ကြောင့်ဆိုသော် ဆုရွေးချယ်ရေးအဖွဲ့များသည် လွတ်လပ်ပြီး အများပြည်သူ ကြည်ညိုလေးစား သူများမဟုတ်ကြဘဲ အစိုးရ၏ ဩဇာလွှမ်းမိုးမှုကို အသိရှိရှိ ခံယူကြသူများ ဖြစ်ကြပြီး ရွေးချယ်သော စာပေများမှာလည်း အစိုးရအဆက်ဆက် အနှစ်သာရ
အားဖြင့် ပြည်သူ့ဘဝ ပြည်သူ့ဆန္ဒကို မထင်ဟပ်သည့် စာပေများကိုသာ ဆုရွေးချယ်ခဲ့ကြသောကြောင့် ဖြစ်သည်။

ယခုလည်း မနေ့တစ်နေ့ကပင် ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများကို ရွေးချယ်ဆုပေးခဲ့ပြန်သည်။ မေးခွန်းထုတ်စရာရှိသည်မှာ လက်ရှိအမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့သည် လွတ်လပ်ပြီး အများပြည်သူက လေးစားသော စာပေပညာရှင် အသိပညာရှင်များ ဖြစ်ပါ၏လော။ ထို့ပြင် ဆုရရှိသည့် စာပေများသည် ပြည်သူတို့၏ ဘဝနှင့် ဆန္ဒကို အမှန်တကယ် ထင်ဟပ်ဖော်ပြနိုင်သည့် တကယ့် လူထုအကျိုးပြုစာပေများ ဖြစ်ပါ၏လော။

မိမိတို့သည် စာပေဆုများကို အလေးအနက်ထားကြရပါမည်။ မိမိတို့က ဆန္ဒပြုလလိုသည်မှ နှစ်ပေါင်းများစွာ တိမ်းစောင်းနိမ့်ကျခဲ့ရသည့် အမျိုးသားစာပေဆု တစ်ခေတ်ဆန်းပါစေတော့ဟူ၍ ဆန္ဒပြုလိုက်ပါသည်။

Mizzima

No comments:

Post a Comment