လန်ဒန်၊ နိုဝင်ဘာ ၃။ ကမ္ဘာ့အကောင်းဆုံး ၀ီစကီအဖြစ် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော Yamazki Single Malt Sherry Cask 2013 အား ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်မှ သတ်မှတ်ခဲ့သည်ဟု နိုဝင်ဘာ ၃ ရက်က ဒေးလီးမေးလ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်သည် တစ်ကမ္ဘာလုံးရှိ ၀ီစကီများ၏ အရသာနှင့် အရည်အသွေးကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးသည့် ၀ီစကီ အညွှန်းအဖွဲ့ဖြစ်သည်။ကမ္ဘာ့လူသိအများဆုံး ၀ီစကီထုတ်လုပ်သူများပါဝင်သည့် ၂၀၁၅ ခုနှစ် အကောင်းဆုံး ၀ီစကီရွေးချယ်မှုတွင် ပထမဆုံးအကြိမ်အဖြစ် စကော့ဝီစကီများသည် ထိပ်ဆုံး ငါးနေရာပင် မချိတ်ခဲ့ကြောင်း ဂျင်မူရေး ၀ီစကီဘိုင်ဘယ်လ်ကဆိုသည်။ ထို့နောက် စကော့ဝီစကီများ အတွက် ထိုးနှက်တစ်ရပ်သည် တစ်နှစ်အတွင်း ဥရောပအကောင်းဆုံး ၀ီစကီအဖြစ် အင်္ဂလန် ၀ီစကီကုမ္ပဏီမှ ထုတ်လုပ်သော Chapter 14 Not Peated ကို ရွေးချယ်ခဲ့ခြင်းသည်။
ဆုရရှိခဲ့သော ဂျပန်ဝီစကီသည် ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အရက်ချက်စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ၁၉၂၃ နှစ်တွင် စတင် တည်ထောင် ခဲ့သော ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ၀ီစကီအား ဂျင်မူရေးမှ ပေါ့ပါးသွက်လက်သော အရသာ၊ ထူးကဲသော အနံ့တို့ရှိကြောင်း ချီးကျူးပြောဆိုခဲ့ပြီး ရမှတ် ၁၀၀ တွင် ၉၇ ဒသမ ၅ ရရှိခဲ့သည်ဟုဆိုသည်။
လွန်ခဲ့သောသုံးနှစ်အတွင်း စကော့ဝီစကီပေါင်းများစွာအား ကမ္ဘာ့အကောင်းဆုံး ၀ီစကီအဖြစ် မူရေးမှ သတ်မှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Old Pulteney's 21 year old နှင့် ၂၀၁၄ ခုနှစ်တွင် Glenmorangie Ealanta ၀ီစကီတို့က ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်းယခုကဲ့သို့ မမျှော်လင့်သည့် နေရာမှ အကောင်းဆုံး အရည်အသွေးကို ပေးစွမ်းထားသည့် ၀ီစကီထွက်ရှိလာခြင်းသည် စကော့ ၀ီစကီ လုပ်ငန်းများ ကျဆုံးလာခြင်းကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ဝေဖန်ထားသည်။
၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ၀ီစကီအတွက် စကော့ဝီစကီအမျိုးအစားပေါင်း ၄၇၀၀ ကိုမြည်းစမ်းခဲ့သည်ဟု မူရေးကဆိုသည်။ ဆုရရှိ ခဲ့သော Yamazaki ၀ီစကီအား ပုလင်းပေါင်း ၁၈၀၀၀ သာထုတ်လုပ်ထားပြီး ဗြိတိန်ရှိ အကောင်းဆုံး အရက်ဆိုင်များနှင့် အရက်လက် ကားရောင်းချသော ဆိုင်များတွင် စတာလင်ပေါင် ၁၀၀ ဖြင့်ရောင်းချလျက်ရှိသည်။
Mizzima
No comments:
Post a Comment