Saturday, November 8, 2014

တရားမ၀င် သစ်တင်သွင်းနေမှုများကို တားဆီးပေးရန် တရုတ်အစိုးရသို့ မြန်မာဘက်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တားမြစ်မှုအရှိန်ပျော့နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်သွင်းနေမှုများအား တားဆီးပေးရန် မြန်မာဘက်မှ တရုတ်အစိုးရသို့ အကြိမ်ကြိမ်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းတို့၏ အကျိုးစီးပွား၊ တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် ပေါ်ပေါက်လာနိုင်သည့် ကုန်ကြမ်းရရှိနိုင်ရန် ခက်ခဲခြင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တရုတ်အစိုးရမှ တားမြစ်မှုများ အရှိန်ပျော့နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုဝင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ IBC ခန်းမ၌ ကျင်းပသည့် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ (၂၁)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။



“တရုတ်ကို သစ်မှောင်ခိုတင်ပို့တာကို တရုတ်နဲ့ညှိနှိုင်းဖို့ အစီအစဉ်ရှိတယ်။ အစီအစဉ်ရှိတယ်ဆိုတာ ဘယ်တော့ညှိမလဲလို့ ဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့က အခါအခွင့်သင့်တာနဲ့ ခေါ်ပြီးတော့ ဥပမာပြောရရင် ကျွန်တော်ဦးဆောင်ညွှန်ကြားရေးမှူးဘဝက ဝန်ကြီးတရုတ်ပြည်သွားတဲ့ ခရီးစဉ်မှာ နှစ်ခေါက်လိုက်သွားပါတယ်။ နှစ်ခေါက်စလုံး သူတို့ရဲ့ ဗဟိုအစိုးရ သစ်တောဝန်ကြီးနဲ့ Bilateral ပေါ့ နှစ်ဖက်သေချာ တွေ့ဆုံပြီးတော့ ဒီလိုတရားမဝင် ဆောင်ရွက်မှုတွေ ရပ်တန့်ပေးဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ယူနန်ပြည်နယ်ကိုလာပြီး ယူနန်ပြည်နယ် အစိုးရကို အလားတူပဲ အရေးဆိုခဲ့တယ်။ ထို့အတူ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်သံအမတ်ကိုလည်း တရားမဝင် ဆောင်ရွက်နေတာတွေကို ဆက်မလုပ်ဖို့၊ တားမြစ်ပေးဖို့ အထောက်အထားတွေ၊ မြေပုံတွေ၊ ဓာတ်ပုံတွေနဲ့တကွ တည့်တည့်ပဲ အရေးဆိုဖူးတယ်။ ထို့အပြင် နိုင်ငံတော်အကြီးအကဲထံကို လာရောက်တွေ့ဆုံကြတဲ့ တရုတ်ဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း အလားတူ တရားမဝင် ဆောင်ရွက်မှုတွေ မလုပ်ဖို့ ပြောနေကြဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

    ဒါကိုတားလိုက်မယ်ဆိုရင် တစ်စုံတစ်ခု အကြပ်အတည်းတွေ ပေါ်ပေါက်လာမယ့် အခက်အခဲတွေ နည်းနည်းလေးအကြောင်းပြပြီးတော့ အဲဒါတွေကို တားမြစ်တဲ့နေရာမှာ အရှိန်ပျော့နေတယ်လို့ ယူဆတယ်။ ယူနန်အစိုးရ ဖိအားပေးတာ ပျော့နေတယ်လို့ ယူဆပါတယ် . . . . .

“တရုတ်ဘက်က အမှန်ပြောရရင် သူတို့အနေအထားကို ကြည့်ရတာတော့ တရုတ်ပြည်မအစိုးရသည် Central Government အနေနဲ့က ဒီလိုဆန္ဒမျိုးကို အားပေးပုံမရပါဘူး။ သူတို့လည်း လိုလားဟန်မရှိပါဘူး။ သို့သော် အောက်မှာရှိတဲ့ ယူနန်ပြည်နယ် အစိုးရကတော့ အားပေးတယ်လို့တော့ မပြောဘူး။ သို့သော်လည်းပဲ သူတို့ရဲ့ အကျိုးစီးပွားပါတယ်။ သူတို့နိုင်ငံတွင်းမှာ ရှိနေတဲ့ စက်ရုံအလုပ်ရုံတွေ ကုန်ကြမ်းရနိုင်ဖို့၊ သူတို့လူတွေ အလုပ်လက်မဲ့မဖြစ်ဖို့ ဒါကိုတားလိုက်မယ်ဆိုရင် တစ်စုံတစ်ခု အကြပ်အတည်းတွေ ပေါ်ပေါက်လာမယ့် အခက်အခဲတွေ နည်းနည်းလေးအကြောင်းပြပြီးတော့ အဲဒါတွေကို တားမြစ်တဲ့နေရာမှာ အရှိန်ပျော့နေတယ်လို့ ယူဆတယ်။ ယူနန်အစိုးရ ဖိအားပေးတာ ပျော့နေတယ်လို့ ယူဆပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သတင်းထောက်များအား ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ အဖိုးတန်သစ်များမှာ နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်တင်ပို့မှုများ ရှိခဲ့ရာ ထိုင်းနိုင်ငံသို့ တင်ပို့နေမှုမှာ ပြောပလောက်အောင် မများသော်လည်း တရုတ်နိုင်ငံသို့မူ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ရွှေလီတွင် ပရိဘောဂစင်တာတစ်ခုရှိကာ မြန်မာနိုင်ငံမှသစ်များဖြင့် ပြုလုပ်ထားသည့် ကျွန်း၊ တမလန်းသားများနှင့် ပြုလုပ်ထားသည့် မှန်တင်ခုံ၊ ခုတင်၊ ဗီရို၊ ဆက်တီ စသည့်ပစ္စည်းများ၏ တန်ဖိုးမှာ ယွမ်သန်းချီ၍ တန်ဖိုးရှိကြောင်း၊ သစ်ပင်ခုတ်ခွင့်မရှိသော တရုတ်နိုင်ငံအတွက် မြန်မာပြည်မှသစ်များမှာ အလွန်အဖိုးတန်လှကြောင်း ဒေသခံများက ပြောကြားသည်။

တရုတ်နိုင်ငံဘက်မှ သစ်ခိုးထုတ်သည့်ယာဉ်များသည် ပြီးခဲ့သည့် ၂ဝ၁၁ ဇွန်လက ကေအိုင်အေနှင့် အစိုးရစစ်တပ်များကြား ပစ်ခတ်မှုများ စတင်ခဲ့သည့် အချိန်မှစ၍ ခပ်စိတ်စိတ် ဝင်ရောက်လာခဲ့သော်လည်း သုံးနှစ်ကြာပြီးနောက်ပိုင်း လက်ရှိအချိန်တွင်မူ မြန်မာပြည်ဘက်တွင် သစ်တောများကုန်သလောက် ဖြစ်လာသည့်အတွက် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် သစ်ခိုးထုတ်သည့်ယာဉ်များ အလာကျဲသွားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment