Tuesday, November 4, 2014

ဆီယာရာလီယွန် နိုင်ငံ၏ ကျေးလက် ဒေသ များတွင် အီဘိုလာ ကူးစက် ပြန့်ပွါးမှု တစ်ဟုန်ထိုး မြင့်တက်လာ

ဖရီးတောင်း၊ နိုဝင်ဘာ ၃။ ဆီယာရာလီယွန်နိုင်ငံ၏ အချို့ဒေသများတွင် အီဘိုလာရောဂါ ကူးစက်ပြန့်ပွါးမှု နှုန်းမှာ လွန်ခဲ့သောနှစ်လခန့် ကထက် ကိုးဆအထိ ပိုမိုလျင်မြန်စွာ ကူးစက်လျက်ရှိကြောင်း အာဖရိက အုပ်ချုပ်ရေး တပ်ဦး(အေဂျီအိုင်) အဖွဲ့ကနိုဝင်ဘာလ ၂ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်ကဆိုသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။“လိုင်ဘီးရီးယားတွင် အီဘိုလာ ထပ်မံ ကူးစက်ပြန့်ပွါးမှုများ နှေးကွေးသွားပုံ ရသော်လည်း ဆီယာရာလီယွန်၏ အချို့ဒေသများတွင် အီဘိုလာ မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဆက်လက်ကူးစက်ပြန့်ပွါးလျက်ရှိသည်” ဟု အေဂျီအိုင်၏ အစီရင်ခံစာက ဆိုသည်။



ဖရီးတောင်းမြို့ ဝန်းကျင်ရှိ ကျေးလက်ဒေသများ၌ အောက်တိုဘာလ နှောင်းပိုင်းတွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရောဂါကူးစက်မှုအသစ် ၁၂ ခုခန့် ဖြစ်ပွါးလျက်ရှိရာ စက်တင်ဘာလ အစောပိုင်းက ကူးစက်မှုနှုန်းဖြစ်သည့် တစ်နေ့လျှင် ပျမ်းမျှ ၁.၃ ခု နှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ကိုးဆ ခန့် များပြားလာခြင်း ဖြစ်သည်။

မြို့တော် ဖရီးတောင်း မြို့ပေါ်တွင်လည်း အီဘိုလာရောဂါကူးစက်မှုမှာ လျင်မြန်စွာ တိုးပွါးလျက်ရှိနေပြီး နေ့စဉ်ပျမ်းမျှ ကူးစက်မှု နှုန်းမှာ လွန်ခဲ့သောနှစ်လခန့်အကြာက နေ့စဉ်ပျမ်းမျှကူးစက်မှုနှုန်းထက် ခြောက်ဆခန့် မြင့်တက်လာခဲ့သည်။

ဆီယာရာလီယွန် ကျန်းမာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားသော သုံးရက်စီအတွင်း ပျမ်းမျှ ရောဂါကူးစက်ပြန့်ပွါးမှုနှုန်း ဆိုင်ရာ ကိန်းဂဏန်း များကို အခြေခံ၍ အေဂျီအိုင်က လေ့လာသုံးသပ်ထားခြင်း ဖြစ်သည်။ အချို့ဒေသများတွင် အီဘိုလာကူးစက်မှု နှေးကွေး သွားခြင်း နှင့် အီဘိုလာကြောင့် သေဆုံးသူများကို မြှုပ်နှံမှုများ ပိုမို တိုးတက် စနစ်ကျလာခြင်းတို့ကို ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အထူးသံတမန်က ပြောကြားခဲ့အပြီးတွင် ယခုအစီရင်ခံစာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အနေအထားများ ပြောင်းသွားသော်လည်း အခြေအနေမှာ ‘အပြည့်အဝ ကြီးထွားလာလျက်ရှိသော အကျပ်အတည်း’ အသွင် ဆက်လက် ရှိနေဆဲပင် ဖြစ်ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တည်ထောင်ခဲ့သော အေဂျီအိုင် အဖွဲ့က ဆိုထားသည်။

“စောင့်ရှောက်ကုသမှုတွေကို ဝေဒနာရှင်တွေ ခံယူလာနိုင်အောင် ဆောင်ရွက်ခြင်းနဲ့ (သေဆုံးသူတွေကို) ဘေးကင်းစနစ်ကျစွာ တင့်တင့်တယ်တယ် မြှုပ်နှံမှုတွေကို အရှိန်မြှင့် ဆောင်ရွက်ခြင်းအားဖြင့် ဆီယာရာလီယွန် အစိုးရဟာ ရောဂါကူးစက်မှု တိုက်ဖျက်ရေးမှာ တကယ့် တိုးတက်မှုတွေရလာအောင် လုပ်ဆောင်လျက် ရှိပါတယ်” ဟု အေဂျီအိုင် ၏ အမှုဆောင်အရာရှိချုပ် နစ်က်သော်မ်ပ်ဆင်က ဆိုခဲ့သည်။

Mizzima

No comments:

Post a Comment