Tuesday, November 25, 2014

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လမ်းလျှောက်ဆန္ဒပြ

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်လေးခုတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၀ ၀န်းကျင်မှ နှစ်ရက်ကြာ လမ်းလျှောက်ဆန္ဒပြမှုကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့မှ စတင် ခဲ့ကြောင်း သိရ သည်။



ယင်းဆန္ဒပြမှုကို ကွမ်းခြံကုန်းမြို့နယ်ရှိ ကျောက်တိုင်မှ စတင်လမ်းလျှောက်ဆန္ဒပြခြင်းဖြစ်ပြီး လေးမြို့နယ်ကိုဖြတ်သန်းမည်ဖြစ်ကာ ဆန္ဒပြရာတွင် "လေးပွင့်ဆိုင်တွေ့ဆုံရေး အမြန်ဆုံး အကောင် အထည်ဖော်ရေး"၊    "ဟန်ပြ ၁၄ ပွင့်ဆိုင်တွေ့ဆုံပြီး လူထုခေါင်းဆောင်ရဲ့ပုံရိပ်ကို မှေးမှိန်အောင်မပြု လုပ်နဲ့" စသည်တို့ရေးသားထားသောဆိုင်းဘုတ်များအပြင် အခြားဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြနေခြင်းဖြစ်သည်။

"ကွမ်းခြံကုန်းမှာ ကဗျာဆရာအချို့က လေးပွင့်ဆိုင်တွေ့ဆုံရေးနဲ့ပတ်သက်ပြီး ကဗျာရွတ်ဆိုမှုတွေလည်း လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖြစ်ခဲ့ရင် နိုင်ငံရေးအကျပ်အတည်းတွေကို ရာခိုင်နှုန်းပြည့်မဟုတ်ရင်တောင်မှ တစ်ဝက်လောက်နည်းပါးရင်တော့ ဖြေရှင်းပေးနိုင်လိမ့် မယ်လို့ယုံကြည်တဲ့အတွက် ဆန္ဒပြတောင်းဆိုရတာပါ။ ဆန္ဒပြတဲ့လမ်းတစ်လျှောက်မှာလည်း လေးပွင့်ဆိုင်တွေ့ဆုံရေးက အရေးပါမှုကို ဒေသခံပြည်သူတွေသိအောင် ဟောပြောမှုတွေ၊ ကဗျာရွတ်ဖတ်မှုတွေ ပြုလုပ်သွားပါမယ်" ဟု ဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇော်ကြီးက နိုဝင်ဘာ ၂၄ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

ဆန္ဒပြရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့် ဒလမြို့နယ်များ အတွင်း လမ်းလျှောက်ဆန္ဒပြသွားမည်ဖြစ်ပြီး ကန်ပတ်မြို့၌ တစ်ညနားအိပ်စက် မည်ဖြစ်ကာ ဆန္ဒပြမှု မှာလည်း သက်ဆိုင်ရာ၏ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ အလွန်တွင် မြန်မာနိုင်ငံအား အေးချမ်းညီညွတ်တည်ငြိမ်စွာဆက်သွားနိုင်ရေးကိုရှေးရှုပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို တောင်းဆိုရခြင်းဖြစ်ကြောင်း ယခုလရက်ပိုင်းအတွင်း ဗွီအိုအေသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်း မှုတွင် ပြောကြားထားသည်။

ဆန္ဒပြဦးဆောင်မည့်ဦးဇော်ကြီးမှာ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်များ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ တွင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို တစ်ကိုယ်တော်ဆန္ဒပြမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် နေပြည်တော်၌ ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment