Monday, November 17, 2014

သမ္မတက စစ်ကိုင်းတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အား ရာထူးမှ အနားယူခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။

အဆိုပါ တရားသူကြီးချုပ် အား မည်သည့်အကြောင်းရင်း ကြောင့် တာဝန်မှ အနားယူခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ကြေ ညာချက်တွင် မဖော်ပြထားပေ။ ၎င်းမှာတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းအစိုးရအဖွဲ့ အမည်သုံး ၍ လက်အောက်ငယ်သားများကို အာဏာအလွဲသုံးစားပြုလုပ်ကာ အနိုင်ကျင့်ကြောင်း တရားလွှတ် တော်ဒုဦးစီးမှူးတစ်ဦးက နိုင်ငံ တော် သမ္မတ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်သူ့လွှတ် တော်တရားဥပဒေစိုးမိုးရေးကော် မတီ၊ လွှတ်တော်တရားစီရင်ရေး ကော်မတီ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနထံသို့ တိုင်ကြားခဲ့ဖူး သည်။ ယင်းတိုင်ကြားမှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းမဖြစ်နိုင်ဘဲ ၎င်း၏ သဘောဆန္ဒ ဖြင့်သာ နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းတရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။ ၎င်းတရားသူကြီးချုပ်ထံသို့ 7 Day နေ့စဉ် သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ခေါ်ဆို၍ မရခဲ့ချေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားစီရင်ရေး ပုဒ်မ ၃၁၂၊ ပုဒ်မ ခွဲ(က)တွင် တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်များနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် မိမိ သဘောအလျောက်ရာထူးမှ နုတ် ထွက်ခြင်းပြုလုပ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

အလားတူ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီကို လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားမှုများဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ၁၄ ဦးက အယုံအကြည် မရှိအဆိုတင်သွင်းပြီး စုံစမ်းရေး ကော်မတီ ဖွဲ့စည်းစစ်ဆေးရန် ဆောင်ရွက်နေစဉ် ၎င်းအား သမ္မတ ဦးသိန်းစိန်က ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၂၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များ အရ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၎င်း၏ သဘောဆန္ဒ အလျောက်ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။

7Day Daily

No comments:

Post a Comment