Friday, November 28, 2014

နိုင်ငံတော်သမ္မတ နေရာအတွက် မဆုံးဖြတ်ရသေးကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့၏ အကြီးအကဲ သမ္မတနေရာအတွက် ယှဉ်ပြိုင်မည့်သူကို ရွေးချယ်ရန် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဟန့်တားနေသည့် နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက်ပါ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်ပါက NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူကို ကြိုတင်ရွေးချယ်ထားခြင်း ရှိမရှိ The Voice ၏ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဟာတွေဖြေဖို့ သိပ်စောပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဖြစ်မယ်၊ မဖြစ်မယ် ထင်ကြေးပေးပြီးတော့ ဖြေရမှာ ဖြစ်နေပါတယ်၊ ဒီအချိန်မှာလည်း အခြေအနေတွေကို တိတိကျကျ မသိသေးဘဲနဲ့ တိတိကျကျ ဆုံးဖြတ်ဖို့ဆိုတာ မသင့်တော်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

ထို့အပြင် လက်ရှိအချိန်အထိ NLD ပါတီအတွင်း ဒုတိယခေါင်းဆောင် မရွေးချယ်ခြင်းသည်လည်း ပါတီအတွင်းရှိ ဗဟိုအလုပ်အမှုဆောင်များ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော် အစည်းအဝေးများတွင် အတည်ပြု ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မည်သည့်ပုဒ်မကိုမှ ပြင်ဆင်နိုင်မယ် မဟုတ်ဘူးလို့ ဆိုလိုတဲ့ သဘောပဲ၊ အဲဒီတော့ အခြေအနေကို ကြည့်ပြီး ဗျူဟာပြောင်းကစားဖို့ လိုမယ်” ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မှတ်ချက်ပြုသည်။

သို့သော် စက်တင်ဘာ ၂၄ ရက်နေ့ ရိုက်တာသတင်းဌာန၏ အွန်လိုင်းသတင်း တစ်ပုဒ်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရေး ကန့်သတ်ခံထားရသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲအလွန် စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်းကိုသာ သမ္မတလောင်းအဖြစ် ထောက်ခံသွားရန် ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးကို ကိုးကားပြီး ဖော်ပြထားသည်။

ယင်းသတင်းဌာန၏ ဖော်ပြချက်မှာ မဟုတ်မှန်ဟုဆိုကာ NLD ပါတီက ရိုက်တာသတင်းဌာနသို့ ကန့်ကွက်စာ ပေးပို့ဖြေရှင်းထားကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ထုတ်ပြန် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment